“သမီး ဘဝတော့ ပျက်ပါပြီ အမေရယ်”
“သမီး ဘဝတော့ ပျက်ပါပြီ အမေရယ်”
“ညည်းကို မေးနေတယ် ဘယ်သူနဲ့လဲလို့”
“ဟင့်အင်း ဟင့်အင်း”
“ဒီမှာ မိအေး ညည်း ဒီလိုငိုနေလို့မပြီးဘူး.. ကာယကံရှင်က ဘာတဲ့လဲ ညည်းကို.. တာဝန်မယူနိုင်ဘူးတဲ့လား..”
“ဟင့်အင်း အမေ.. သူ သိတောင် မသိသေးဘူး”
“ဟင်..ဟုတ်လား ပြောပြောသမီး.. ဘယ်သူလဲ အမေ ကောင်လေးနဲ့တွေ့ပြီး.. ဒီကိစ္စ တာဝန်ယူပေးအောင် ညှိနှိုင်းပေးမယ် အမေတို့ သားအမိ အရှက်တကွဲအကျိုးနည်း မဖြစ်ခင်လေး..”
“ဟင့် ဟင့် ဟီး အဟီး..”
“ငိုနေလို့ မပြီးဘူးသမီး အမေတို့သားအမိ ဒီရွာလေးမှာ ပန်းစိုက်ရောင်းပြီး.. ရိုးရိုးသားသားနေလာခဲ့တာ.. မုဆိုးမသမီးဆိုပြီး အနိုင်ကျင့်တာတော့.. အမေမခံဘူး သမီးရှေ့မှာ အမေရှိတယ်:”
မိခင်ရဲ့ ရင်နင့်သံနဲ့ ပြောစကားကြောင့်.. မိအေးရင်ထဲ လှိုက်ကနဲ ဝမ်းနည်းသွားပြီး.. ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်..။
ပြီးမှ… တိုးလွှလွှ အသံလေးနဲ့…
“အဟင့် ဟင့် ဟို ဟို.. ဆရာလေး.. ကိုပိုင်စိုး”
“ဘာ ဘယ်လို..”
“ဒါ ဒေါင်းယောင်ဆောင်တဲ့ မြေခွေးပဲ”
စိတ်ထဲရှိသလို ရေရွတ်လိုက်သည်..၊
(ဒေါင်းယောင်ဆောင်သော ကျီးလည်းမဟုတ်.)
“ဒီလိုမျိုးလုပ်လို့ ဘယ်ရမလဲ လာမိအေး.. မုဆိုးမသမီးဆိုပြီး ခြေတော်တင်တာ.. မခံဘူးဟေ့.. လာခဲ့ ဒီကိစ္စကို သွားရှင်းမယ်”
ဒေါ်မြသစ် သမီးဖြစ်သူ မိအေးလက်ကိုဆွဲပြီး ဒရောပါး ထွက်လာခဲ့လေသည်..။
ရွာလည်က အုပ်ချုပ်ရေးမှူးအိမ်သို့….
အုပ်ချုပ်ရေးမှူးအိမ် ဝင်လိုက်တော့..၊ ဝိုင်းအုံနေတဲ့ လူအုပ်ကြီးကိုတွေ့ပြီး ကျတော် မျက်လုံးပြူးသွားသည်..၊လာခေါ်တဲ့ ဆယ်အိမ်မှူးဧးသုရဲ့ ပြောစကားအရ မိအေးမှာ..
သူ့ကိုယ်ဝန် လွယ်ထားရလို့ ၊အုပ်ချုပ်ရေးမှူးဆီ လာတိုင်နေတယ်တဲ့၊ မိအေးဆိုတာ.. မီးကောင်ပေါက်အရွယ် ကလေးမလေး ၁၆ ၁၇နှစ်အရွယ်လေး နှမလေးလို သဘောထားခဲ့သည်၊ စိတ်နဲ့တောင် မပြစ်မှားဖူး၊ ဘယ်လိုကြောင့်များ…
“လာလာ ဆရာပိုင်စိုး”
ကျတော်ရောက်တော့ အုပ်ချုပ်ရေးမှူးက မျက်နှာမသာမယာနဲ့ လှမ်းခေါ်သည်၊ လူအုပ်က ရှဲပေးလိုက်တော့၊ အုပ်ချုပ်ရေးမှူး စားပွဲရှေ့မှာ တရှုံ့ရှုံ့ငိုနေသော မိအေး၊ ဘေးမှာ သူ့ကိုမျက်ထောင့်နီကြီးနဲ့ ကြည့်နေတဲ့ဒေါ်မြသစ်…
“ကဲဆရာ.. မိအေးက သူ့မှာ ဆရာနဲ့ရတဲ့ ကိုယ်ဝန် ရှိနေပြီတဲ့..”
“ဟုတ်ကဲ့ အဲ မဟုတ်ကဲ့.. နေပါဦးဗျာ မိအေးကို ကျွန်တော်မေးပါရစေ”
“ဒီမှာဆရာ ကျုပ်တို့ရွာသူကို စားပြီးနားမလည် မလုပ်ပါနဲ့”
ဘေးက ကာလသားခေါင်းမိုးပြေးက ဝင်ပြောသည်..၊
“အာ စားပြီးနားမလည်လည်း မလုပ်ပါဘူး ဝါးပြီးထွေးထုတ်လည်း မလုပ်ပါဘူး.. အခုဟာက ကျွန်တော်ကိုယ်တိုင် မသိလို့ မေးပါရစေလို့..”
“ဟား ဒါကတော့ ရှင်းပါတယ်ဗျာ.. မိအေးက ဆရာ့အိမ်ကို နေ့တိုင်းပန်းလာလဲပေး ဝေယာဝစ္စ လာလုပ်ပေးနေတာပဲ.. တစ်နေ့ ဆရာမူးလာမယ်၊ မိအေးက ဆရာ့အိပ်ခန်းထဲ သန့်ရှင်းရေး ဝင်လုပ်ပေးနေမယ်၊ မူးလာတဲ့ ဆရာက၊ ဆရာပြောပြောနေတဲ့.. မြို့ကဆရာ့ချစ်သူ မှဲ့နီလေးနဲ့ အမြင်မှားမယ်။
ပြီးတော့ မိအေးကို ဟွာပြုမိမယ်၊ မိအေးက ရှက်လို့ ဘယ်သူ့မှမပြောပဲနေမယ်၊ ဆရာက မူးပြီးအိပ်ပျော်သွားပြီး၊ ဘာမှမမှတ်မိတော့ဘူး၊ အဲ အခုကျ အထုတ်အထည်ပေါ်လာတော့ မိအေးက ဖော်လိုက်တယ်၊ ဒါပဲပေါ့ဗျ..”
ကာလသားခေါင်းမိုးပြေးက သူထင်ရာ စွတ်ပြောနေလေသည်..။
“ဟာဗျာ ကျွန်တော်က မနက်အစောကြီး.. မူးရမလားဗျ ၊ကျွန်တော်တစ်ခါတလေပဲ သောက်စားတက်တယ်၊ ဒါတောင်ရွာမှာ ဘယ်တော့မှ မသောက်ဘူး၊ ကျောင်းပိတ်ရက် မြို့သွားတဲ့အခါ၊ သူငယ်ချင်းတွေနဲ့တွေ့မှ နည်းနည်းပါးပါးပါ၊ ပြီးတော့ဒီကိစ္စကြီးဖြစ်တာ မမှတ်မိနိုင်လောက်အောင်ကြီးတော့.. ဟာ.. မဟုတ်သေးပါဘူးဗျာ”
“ဟေ့ကောင်မိုးပြေး မင်းထင်ရာမြင်ရာတွေ စွတ်ပြောမနေနဲ့ကွ”
အုပ်ချုပ်ရေးမှူး ဝင်ဟန့်လိုက်မှ၊ ရွာမှာအရပ်ပြဇာတ်လုပ်ရင် အမြဲဇာတ်ညွှန်းရေးသူ၊ တစ်နေ့နိုင်ငံကျော်ဘတ်ဆဲလ်လား စာရေးဆရာဖြစ်ရမယ်လို့ အမြဲကြုံးဝါးနေတဲ့.. ကာလသားခေါင်းမိုးပြေး ပါစပ်ပိတ်သွားလေသည်။ အဲ့တော့မှ.. ကျတော်က ဒေါ်မြသစ်ဘက်လှည့်ပြီး…
“အဒေါ် ကျွန်တော် တောင်းပန်ပါတယ်ဗျာ..
ဟို…”
“ဒီကိစ္စ တောင်းပန်ရုံ ပြီးတဲ့ကိစ္စမဟုတ်ဘူး.. ကျောင်းဆရာ..”
ဒေါ်မြသစ်ဒေါသနဲ့ ပြန်ပြောသည်၊ ဒေါ်မြသစ်အသံကြောင့် ဝိုင်းအုံနေတဲ့ လူတွေဆီမှ.. အသံများကြွတ်စိစိ ထွက်ပေါ်လာလေသည်။
“ဟုတ်ကဲ့ပါအဒေါ် ဒီကိစ္စ ကျွန်တော့်ဟာ သေချာရင်၊ မိအေးကို တင့်တောင်းတင့်တယ် လက်ထပ်ယူပါ့မယ်၊ ဒါပေမယ့်.. ကျွန်တော် မေးပါရစေ ရှင်းအောင်.”
“ဟုတ်တယ် မိအေး အခုအခြေအနေရောက်မှ ရှက်မနေနဲ့တော့ ဆရာလေးပိုင်စိုး အပါအဝင် အားလုံးရှင်းအောင် ဆရာလေးမေးတာ ဖြေလိုက်..”
အုပ်ချုပ်ရေးမှူးက ဝင်ပြောလိုက်တော့..
မိအေး ခေါင်းမော့ကြည့်သည်..
“ကဲ ဆရာမေးပါ”
“ညီမလေးမိအေး အခုညည်းကိုယ်ဝန်က ဆရာနဲ့ပတ်သက်တာဆိုရင်.. ဘယ်တုန်းက ဆရာနဲ့ငြိစွန်းခဲ့တယ်.. ပြောပြပါ ဆရာတကယ်မမှတ်မိလို့.. မရှက်နဲ့ညီမ ဆရာသာမှန်ရင် အကုန်တာဝန်ယူမှာပါ”
“လွန်ခဲ့နှစ်လလောက်က ဆရာမြို့ကပြန်လာပီး နောက်ရက်..”
မိအေးရဲ့တိကျတဲ့ အဖြေကြောင့်. အားလုံး.. “ဟင်”လို့ ဖြစ်သွားသည်..။
“ဟုတ်ပြီး ဆရာမှတ်မိတယ်.. အဲ့နေ့က.. ဘယ်လိုက ဘယ်လိုစဖြစ်တာလဲ.. ပြောပြပါ ညီမ..”
“အဲ့နေ့က ကျွန်မလာတော့ ဆရာအပေါက် ထဖွင့်ပေးတယ်လေ..”
“အင်း ဟုတ်ပြီ.. မှတ်မိတယ်..”
“ဆရာကပြောတယ်လေ.. ဆရာညကမှ မြို့ကပြန်လာတာ အပေါင်းသင်းတွေနဲ့တွေ့လို့ နည်းနည်းသောက်လာတာ အမူး မကျလို့.. ကျောင်းပိတ်ရက်မို့ ပြန်အိပ်လိုက်ဦးမယ်လို့ ဆရာပြောတယ်လေ..”
“အင်း မှတ်မိတယ် အဲ့နေ့ကတနင်္ဂနွေနေ့”
“အဲ့ဒါနဲ့ ကျွန်မလည်းဘုရားပန်းလဲ.. အိမ်သန့်ရှင်းရေးလုပ်ပြီး..ဆရာ့အခန်းထဲက စားပွဲပေါ်က ပန်းအိုးလဲဖို့အလာ..”
“အင်း”
“အဲ့တော့ ဆရာက ဆရာ့အခန်းထဲ ကုတင်ပေါ်မှာ အင်္ကျီမပါပဲ အိပ်ပျော်နေတယ်..”
“အင်း”
“ကျွန်မလည်းရှက်ရှက်နဲ့ ဆရာ့ကိုမကြည့်ပဲ ဆရာ့ကုတင်ဘေးက စားပွဲပေါ်က ပန်းအိုးလေးယူပြီး ပန်းအသစ်လဲပေးတယ်လေ..”
“အင်း”
“ပန်းအိုးပြန်ထားပြီး ဆရာနိုးမှာစိုးလို့.. ခြေဖွဖွလေးနဲ့.. ကြိုးတန်းကဆရာ့အဝတ်စားတွေ လျှော်ပေးဖို့အယူ… နောက်ကဆရာကလေ…”
“အင်း ဆိုပါဦး အာ့အထိ ဆရာမသိဘူး..”
“ဆရာက နောက်ကနေပြီး အိပ်နေရင်းက လက်ယမ်းလိုက်တာ အခုနက ပန်းအိုးလေးကို ထိမိပြီး ကျကွဲသွားတယ်လေ..”
“အဲ့တော့..”
“ကျွန်မလည်း လန့်ပြီးနောက်လှည့်ကြည့်တော့ ပန်းအိုးက ကြမ်းပြင်မှာ ကျကွဲ့နေတယ် အခုနက ကျွန်မလဲပေးထားတဲ့နှင်းဆီပန်းလေးပေါ်က ပျားကောင်လေးထပျံသွားတာ တွေ့လိုက်ရတယ်..
အဲ့မှာ ကျွန်မဘဝတော့ သွားပါပြီဆိုတာ သိလိုက်ရပြီး.. မျက်နှာကိုလက်အုပ်ပြီး ဆရာ့အိမ်က ပြေးထွက်ခဲ့တယ်”
“အန်.. အာ့နဲ့နင့်မှာ ကိုယ်ဝန်က..”
“ကိုယ်ဝန်ရှိနေပြီဆိုတာ.. ဒီနေ့မှသိလိုက်တာပါ မနက်က ကျွန်မသွားတိုက်နေရင်း ပျို့တက်လာပြီး အန်တယ် အဲ့မှာကျွန်မကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်တာ..”
“ဟာ.. မဟုတ်သေးပါဘူး..”
“ဘာမဟုတ်သေးပါဘူးလဲ ဆရာ..
မိအေးကို တောသူဆိုပြီး အထင်မသေးပါနဲ့.. မြန်မာဗွီဒီယိုကားတွေ ကြည့်ထားတာပါ.. သူဌေးသားက မူးလာတယ်၊ အိမ်ဖော်မလေးက သူဌေးသားအခန်း သန့်ရှင်းရေးလုပ်နေတယ်၊
ပြီးရင် ပန်းအိုးကျကွဲတယ်၊ ပန်းပွင့်ကိုပျားက နမ်းပြီး ထပျံသွားတယ်၊ နောက်တော့.. အိမ်ဖော်မလေး ပျို့အန်တယ်၊ ပြီးရင်ကိုယ်ဝန် ရလာတော့ သူဌေးသားက မယူနိုင်ဘူး ငြင်းတယ်.၊ ဆရာလည်း ငြင်းမှာမလား..
သိပါတယ်.. မိအေးကိုက ကံဆိုးတာပါ.. အရက်မူး မကျဘူးဆိုကတည်းက လှည့်ပြန်လာရမှာ.. အခုတော့ သူ့အခန်းထဲဝင်မိတယ် ပန်းအိုးကွဲတဲ့အဆင့်ကို ရောက်ရတယ်.. ဟီး..”
မိအေး ပြောပြောဆိုဆို ဗြဲကနဲ ထငိုလေသည်။
နားစွင့်နေသော လူအုပ်ကြီး.. ”ဟင်”ခနဲ..
“ဟာ”ခနဲ ဖြစ်ကုန်သည်..။.
ထိုအထဲတွင်မှ မိအေးအမေ ဒေါ်မြသစ် မျက်နှာကြီးရဲပြီး ပါးစပ်ဟောင်းလောင်းကြီး..
အုပ်ချုပ်ရေးမှူး ဒေါသပေါက်ကွဲသွားလေသည်
“@#$%& မိအေး အဲ ငါဒီလိုဆဲရင်လည်း .. နောက်တစ်ခါ ပျို့ရင် ငါ့ကြောင့်ဖြစ်ဦးမယ် သွားတော့ ဒေါ်မြသစ် ခင်ဗျားသမီးကို.. ကျမ္မာရေးမှူးဆီ ခေါ်ပြီးဆေးစစ်ပြလိုက်”
ကျတော်လည်း သက်ပြင်းမောကြီး ချမိလေတော့သည်..။
Credit to writer


