ဒုက္ခကို ပုတ်ထုတ်သူ (သို့) ရွှေဘိုနယ်က မြန်မာ့လက်ရွေးစင် ဘော်လီဘောအားကစားမယ်




သူ့ကို ရုတ်တရက် တွေ့တဲ့သူတိုင်း ဟာခနဲဖြစ်သွားကြတယ်။ သဘောကျလို့ ဓာတ်ပုံတွေ တွဲရိုက်တယ်။ မြန်မာအမျိုးသမီး တစ်ယောက်အနေနဲ့ရော သာမန် လူတစ် ယောက်အနေနဲ့ပါ မြင်ရခဲတဲ့၊ မြင့်မားလှတဲ့ အရပ် ၆ ပေ၊ ၂ လက်မ အရပ်အမောင်းကြီးကြောင့် သူ့ကို မြင်တဲ့သူတိုင်း တအံ့တဩ ဖြစ်ကြတာပါ။ သူက အရပ်တင်မကပါဘူး။ ခြေဆံလက်ဆံတွေလည်း ရှည်လှတဲ့ ရှားရှားပါးပါး မြန်မာအမျိုးသမီး တစ်ယောက် ပါ။ သူက အရပ်အမောင်းကြောင့်တင် လူသိများတာမဟုတ်ပါဘူး။ သူ့ရဲ့အလုပ်အကိုင်ကြောင့်လည်း လူသိများပါတယ်။ ဘော်လီဘောအားကစားကို စိတ်ဝင်စားတဲ့သူဆို သူ့ကို သိကြမှာပါ။ ဟုတ်ပါတယ်။

 သူကတော့ မြန်မာ့လက်ရွေးစင် ဘော်လီဘောမယ် ချမ်းချမ်းပါပဲ။ဘော်လီဘောမယ် ချမ်းချမ်းကို လွန်ခဲ့တဲ့ (၃၆)နှစ်ဝန်းကျင်က အညာရွာလေးတစ်ရွာဖြစ်တဲ့ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရွှေပန်းကုန်းအုပ်စု ဆီးဖြူကုန်းကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။ အဲဒီတုန်းကတော့ ချမ်းချမ်းဆိုတဲ့ နာမည် မဟုတ်သေးဘူး။ မိဘတွေပေးတဲ့ အမည်နာမက ရိုးရိုးစင်းစင်း စန်းစန်းဌေးပါတဲ့။ ချမ်းချမ်းတို့ မိသားစုက သာမန်လက်လုပ်လက်စား တောသူတောင်သား မိသားစုလေးပါပဲ။ ချမ်းချမ်းက တတိယသမီး၊ ချမ်းချမ်း မွေးပြီး နောက်မှာ အမေက နောက်ထပ် လေးယောက် ထပ်မွေးပြန်တော့ စုစုပေါင်း မောင်နှမခုနစ်ယောက် ဖြစ်သွားတယ်။ပြိုင်ပွဲဝင်နေသော မချမ်းချမ်း
အဲဒီမှာ ထူးခြားတာတစ်ခုက ချမ်းချမ်းရဲ့အမေဟာ သာမန် မြန်မာအမျိုးသမီးတွေထက် အရပ်ရှည်တာပဲ။ ၅ ပေ၊ ၁၀ လက်မ လောက်ရှိတဲ့ အမေ့ရဲ့အရပ်ဟာ အမျိုးသမီးတွေကြားထဲ ထိုးထိုး ထောင်ထောင်ပေါ့။ ကျန်တဲ့ မောင်နှမတွေကတော့ သာမန်အရပ်အမောင်းမျိုးပဲ။ အဲဒီထဲမှာမှ တတိယသမီး ချမ်းချမ်းက တခြားသူတွေထက် အရပ်ကြီးက ထိုးထွက်လာတာ။ အပျိုပေါက်အရွယ်လောက်မှာ တခြားကလေးတွေထက် ချမ်းချမ်းအရပ်ကြီးက သိသိသာသာ ရှည်ထွက်လာခဲ့ တယ်။ အဲဒီမှာ ချမ်းချမ်း စိတ်ညစ် ရပါလေရော။

ကလေးတွေကလည်း သူတို့ထက် အရပ်ကြီးရှည်ထွက်နေတဲ့ ချမ်းချမ်းကို ချစ်လို့၊ ခင်လို့ စတာ ပေါ့။ ထန်းပင်ကြီးလာပြီတို့၊ အမ လေး မော်ဒယ်မကဘူး မော်ဒယ် လွန်ကြီးပါတော့လို့။ နောက်ပြီး ညီမချင်းတောင် ရန်ဖြစ်ရင် ညည်းက ပိန်ပိန်ခြောက်ခြောက် မည်း မည်းကြီးတို့ စကြတော့ ချမ်းချမ်း စိတ်တိုတာပေါ့။ အဲဒါတွေထက် စိတ်ပိုညစ်မိတာ ရှိသေးတယ်။ ချမ်းချမ်းက အရပ်ကြီးတအား ရှည်တော့ အဝတ်အစားက တော် ရုံချုပ်ပြီးသား ဝတ်လို့မရဘူး။ အ ရပ်တင်မက ခြေဆံလက်ဆံတွေ ပါရှည်တော့ အင်္ကျီရော ထဘီပါ ကိုယ်တိုင်းအပ်ပြီး သေချာချုပ်ရ တယ်။ အဝတ်အစားတင်မက ဖိနပ်ပါ ဒုက္ခရောက်တယ်။ သူ့ဆိုက်ကမရှိတော့ ယောက်ျားစီးကြီးတွေ စီးရတယ်။ အဲဒီမှာ ပိုက်ဆံက ပိုကုန်တော့တာပဲ။ ချမ်းချမ်းတို့ မိသားစုက မိသားစုဦးရေကများ၊ လက်လုပ်လက်စားသမား တွေပဲမို့ အတော်လေး ဒုက္ခရောက်ကြရတော့တာပေါ့။ချမ်းချမ်းက ဘုန်းကြီး ကျောင်းမှာပဲ ငါးတန်း၊ ခြောက်တန်းလောက်ထိ ပညာသင်ခဲ့ရပြီး မိဘတွေ အဆင်မပြေတာနဲ့ အလုပ်ထွက်လုပ်ရတယ်။ ကျောက်တင်၊ ကျောက်ချဆိုလည်းလိုက်၊ စိုက်ရေးပျိုးရေးဆိုလည်း လိုက်နဲ့ ကြုံသမျှ အကုန်လုပ်ရတာပါ။


 အဲ ဒီမှာ ကြက်သွန်စိုက်အငှားလိုက် ရင်တော့ ချမ်းချမ်းတစ်ယောက် ဒုက္ခရောက်တယ်။ သူက အရပ် ကြီးတအားရှည်တော့ ကြက်သွန်စိုက်လိုက်ရင် ဒူးတွေတအားနာတာပါ။ နောက်ပြီး သူ့အရပ်အ မောင်းကြောင့် အလုပ်လုပ်ရတာ လည်း သူများတွေလောက် မတွင် ဘူး။သူ့အရပ်အမောင်းကို လှောင်သလိုလို လာပြောတဲ့သူဆို ချမ်းချမ်း ရန်ထောင်တယ်။ ရန်မထောင်နိုင်တဲ့ အခါမျိုးမှာဆို ကျိတ်ငိုတယ်။ မိသားစုဝမ်းရေးအတွက် အဆင်မပြေလို့ ရုန်းကန် နေရတဲ့ကြားထဲ ပြုပြင်လို့မရတဲ့ ဒီအရပ်ကြီးကြောင့်ပဲ ခဏခဏ အလှောင်ခံရတော့ ချမ်းချမ်းပိုလို့ အားငယ်တယ်။ ပိုပြီး စိတ်ဓာတ် တွေ ကျတယ်။ အဲဒီလို ဒုက္ခတွေ ကြောင့် ချမ်းချမ်းတစ်ယောက် သူ့ရဲ့ ရှည်လျားလှတဲ့ အရပ်ကြီးကို တဖြည်းဖြည်း မုန်းလာပါတော့တယ်။ ဘာမှ ပြန်မပြောနိုင်၊ ပြန် ပြောခွင့်မရှိတဲ့အခါမျိုးမှာ တိတ်တိတ်ကလေး မျက်ရည်ကျပြီး ဩော်… ဒါ ငါ့ရဲ့ဝဋ်ကြွေးပဲလေ ဆိုပြီး ဖြေတယ်။ချမ်းချမ်း ကြုံရာကျပန်းအလုပ်တွေလုပ်ရင်း မိသားစုဝန်ကိုပါ ထမ်းခဲ့တယ်။ ချမ်းချမ်းအမေရဲ့ ဇာတိဖြစ်တဲ့ ပြင်ဦးလွင် သုံး တောင်ရွာကိုလည်း ဈေးတွေ၊ ဘာ တွေ တက်ရောင်းတယ်။ သနပ်ခါးတုံးတို့ ဘာတို့ပေါ့။ ဝက်လက် နဲ့ ပြင်ဦးလွင် ကူးချည်သန်းချည် ပေါ့။ သူများအိမ်မှာတည်းရင်လည်း ချမ်းချမ်းအရပ်ကြီးက အတော်ဒုက္ခရောက်တယ်။ ခြင် ထောင်မဆံ့တာတို့၊ အခန်းနဲ့မဆံ့လို့ ကန့်လန့်ကြီး အိပ်ခဲ့ရတာတို့လည်း ကြုံရမယ်။ အဲဒီလိုရုန်းကန်ရင်း ချမ်းချမ်းဘဝကို တစ်ဆစ်ချိုး စေမယ့် အကွေ့တစ်ခု ရောက်လာပါတော့တယ်။တစ်နေ့တော့ သူဈေးရောင်းပြီး ပြန်လာတော့ အမျိုးသမီးတချို့ ဘော်လီဘောကစားနေတာနဲ့ ကြုံတယ်။ ချမ်းချမ်း ဈေးတောင်းဘေး ခဏချရင်း ထိုင်ကြည့်မိတယ်။ ဘောလုံးတစ်လုံးကို အားရပါးရ တဗြောင်းဗြောင်း ပုတ်ထုတ် ကစားနေကြတာ ချမ်းချမ်း သဘောကျနေမိတယ်။ ငါသာဆိုရင် ခြေဆံလက်ဆံတွေရှည်လို့ ငါနဲ့တော့ အတော်ကိုက်လောက်တယ်ဆိုပြီး တွေးမိတယ်။ ဒါနဲ့ နောက်ရက်တွေကျ ထိုင်ငေးရင်း ဝင်ကစားဖြစ်ပါတော့တယ်။ဘော်လီဘော ကစားရတာ ချမ်းချမ်း ပျော်လာတယ်။ အားကစားစိတ်ဓာတ်ကြောင့် ကျနေတဲ့ သူ့စိတ်တွေ တက်ကြွလာတယ်။ အရပ်ကြီးရှည်လွန်းလို့ အလှောင်ပြောင်ခံရ၊ အလုပ်တွေ နှောင့်နှေးရလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနေတဲ့ ချမ်းချမ်းဟာ ငါ့အရပ်က ဒီနေရာကျ အတော်အသုံးဝင်တယ်ဟလို့ တွေးပြီး ယုံကြည်မှုတွေ ရှိလာတယ်။ အဲဒီလို ဘော်လီဘော ကစားရင်း ချမ်းချမ်းအတွက်အခွင့်အလမ်းတစ်ခုက ၂၀၀၇ လောက်မှာ ရောက်လာပါတော့တယ်။ အဲဒါကတော့ စက်မှု(၁) အမျိုးသမီးဘော်လီဘောအသင်းမှာ လာကစားမလားဆိုတဲ့ ကမ်းလှမ်းမှုပါပဲ။မြန်မာ့လက်ရွေးစင် ဘော်လီဘောမယ် ချမ်းချမ်း
အသင်းမှာ လာကစားရင် တစ်လ ၃၀,၀၀၀ လည်းရမယ်တဲ့။ ချမ်းချမ်း ပျော်တာပေါ့။ ကိုယ်ဝါသနာပါတဲ့ အားကစားလည်း လုပ်ရမယ်၊ လစာလည်းရမယ်ဆို တော့ အမေတို့ကို တိုင်ပင်တယ်။ တောသူတောင်သား၊ အညာသူ အညာသားတွေ ရိုးတာဆိုတော့ သမီးမိန်းကလေးကို လွှတ်ရမှာ မဝံ့မရဲပေါ့။ အသင်းကလူတွေကလည်း အာမခံတာနဲ့ ထည့်လိုက်တယ်။ ရန်ကုန်မှာ သင်တန်းတွေ တက်ရတယ်။ သင်တန်းမှာပဲ အမည်ရင်း စန်းစန်းဌေးကနေ ချမ်း ချမ်းဆိုတဲ့ နာမည်တွင်လာတယ်။ အဆိုတော် သရုပ်ဆောင် ချမ်းချမ်းနဲ့ ခပ်ဆင်ဆင်မို့ နာမည်ပေး ကြတာပါ။ သင်တန်းတက်ပြီး တော့ စက်မှု(၁)အသင်းမှာဝင်ပြီး ကစားတော့တယ်။ ချမ်းချမ်း ရေ ကုန်ရေခန်းကြိုးစားတယ်။ ပြည်တွင်းပွဲတွေ ဝင်ပြိုင်ရတယ်။ ချမ်းချမ်း ဆုတွေရတယ်။အဲဒီလိုနေရင်း ၂၀၁၀ မှာ တော့ ချမ်းချမ်းတစ်ယောက် ဘဝတစ်ဆစ်ထပ်ချိုးခဲ့တယ်။ မြန်မာ့ လက်ရွေးစင် ဘော်လီဘောမယ်အဖြစ် အရွေးခံလိုက်ရတာပဲ။ စီနီယာတွေ၊ ဆရာသမားတွေကလည်း စောင့်ရှောက်ကြတယ်။ စက်မှု(၁)အသင်းကလည်း ပံ့ပိုး ပေးတယ်။ နည်းပြဆရာ ဦးသိန်း ဆွေတို့ဆို တကယ့်ကျေးဇူးရှင် တွေပါပဲ။ အသင်းနဲ့ သူတို့ဂုဏ် ကျေးဇူးတွေအောက်မေ့ပြီး ချမ်းချမ်း ကြိုးစားခဲ့တယ်။ ပြည်တွင်းပွဲတွေမှာလည်း ဆုတွေမကြာ ခဏရသလို ပြည်ပပွဲတွေမှာလည်း ဆုတွေရအောင် ကြိုးစားခဲ့တယ်။ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ တရုတ် စတဲ့ နိုင်ငံတကာ ဖိတ် ခေါ်ပြိုင်ပွဲတွေမှာ ဆုတွေလည်း ရခဲ့တယ်။ ချမ်းချမ်းဟာ ပြည်တွင်း၊ ပြည်ပ ဆုပေါင်း ၂၀ ကျော် ရရှိခဲ့တာပါ။ချမ်းချမ်းဟာ ပြည်ပပြိုင်ပွဲ တွေကို လေယာဉ်ကြီးနဲ့သွားတဲ့အခါ ငယ်တုန်းက ရွာလယ်ကွင်းထဲကနေ အလုပ်လုပ်ရင်း ကောင်းကင်မှာ ဖြတ်ပျံသွားတဲ့ လေယာဉ်ကြီးကို မော့ကြည့်ဖူးတာတွေ သတိရတယ်။ ဝက်လက်မှာရှိတဲ့ သူ့မိသားစုနဲ့ သူ့ရွာကလေးကလူ တွေကလည်း ချမ်းချမ်းရဲ့ အောင် မြင်မှုကို ဝမ်းသာမဆုံးရှိကြတယ်။ ရွာကလူတွေကလည်း ချမ်းချမ်းရဲ့ အင်တာဗျူးတို့၊ ချမ်းချမ်းပါတဲ့ ဘော်လီဘောပွဲတို့ တီဗီကလွှင့်မယ်ဆိုရင် လျှပ်စစ်မီးမရှိလို့ မီး စက်နှိုးပြီးကို အားပေးကြတာ၊ ဂုဏ်ယူကြတာ၊ အဖေကဆို သိပ်ဂုဏ်ယူခဲ့တာ။မချမ်းချမ်းအား သူရရှိခဲ့သည့် ဆုတံဆိပ်အချို့နှင့်အတူ တွေ့ရစဉ်
ချမ်းချမ်းက ထိုက်သင့်သလောက် အောင်မြင်မှုရလာတော့ ဆုတွေ ဘာတွေရတာနဲ့ အိမ်ကိုလည်း ပြန်ထောက်နိုင်တယ်။ တစ်ခါကတော့ ရန်ကုန်တစ်ခါမှ မရောက်ဖူးတဲ့ အမေ့ကို ရွှေတိဂုံဘုရားပို့ဖို့ ချမ်းချမ်း ခေါ်လာခဲ့တယ်။ ဘုရားဖူးပြီး သိပ်မကြာခင် အမေ ကျန်းမာရေး ထဖောက်ပါ လေရော။ နောက်ဆုံးတော့ အမေဟာ သူချစ်တဲ့ ချမ်းချမ်းကို ထားသွားခဲ့တယ်။ ဝက်လက်လည်း မပြန်နိုင်တော့ဘဲ ရန်ကုန်မှာတင် သင်္ဂြိုဟ်ခဲ့ရတယ်။ အမေဆုံးပြီး သိပ်မကြာခင် နေပြည်တော်မှာ ချမ်းချမ်း သွားကစားရတယ်။ စိတ်ထဲမကောင်းပေမယ့် ချမ်းချမ်း အကောင်းဆုံး ကစားခဲ့တယ်။ အမေက ချမ်းချမ်း မြန်မာ့လက်ရွေးစင်ဖြစ်တာပဲ သိသွားခဲ့ရတယ်။ ပြည်ပထိ သွားပြိုင်ရတဲ့အချိန် အမေ မရှိတော့ဘူး။ အမေသာရှိရင် သူ့သမီး တောသူမလေး လေယာဉ်စီးပြီး သွားပြိုင်၊ ဆုတွေရတာတွေကို သိများသိရင် ဘယ်လောက်များ ဂုဏ်ယူလိမ့်မလဲ။အသက် (၃၆)နှစ်အရွယ်ရှိ ပြီဖြစ်တဲ့ ချမ်းချမ်းဟာ သူ့ရင်ထဲမှာ မိသားစုကိုပဲ နေရာပေးခဲ့တာပါ။ ဒါပေမဲ့ အချိန်တန်အရွယ် ရောက်တော့ သူ့မှာလည်း ချစ်ရမယ့်သူပေါ်လာတာပေါ့။ သူက ချမ်းချမ်းလိုပဲ အားကစားသမား၊ လက်ဝှေ့ထိုးပါတယ်။ ချမ်းချမ်းနဲ့ အသက်မတိမ်းမယိမ်း၊ ချမ်းချမ်းတို့အတွဲက အများမြင်ရင်တော့ ပြုံးမိကြလိမ့်မယ်။ ဘာလို့ဆို သူ့ အရပ်က ၅ ပေ ၅ ပဲရှိတာ။ အဲဒီ တော့ ချမ်းချမ်းနဲ့ သူနဲ့က အိုင်နဲ့ တီလိုဖြစ်နေတာလေ။ခုချမ်းချမ်း စက်မှု (၁) အသင်းမှာ ကစားနေတုန်းပဲ။ အသင်းကလည်း သူ့ကို ထိုက်သင့်တဲ့ လစာပေးထားတုန်းပဲ။ ကစားတာအားတဲ့ရက်ဆို ရွာပြန်ပြီး ပြင်ဦးလွင်နဲ့ သုံးတောင် ကူးချည်သန်းချည်နဲ့ ဈေးလည်း ရောင်းနေတယ်။ အဖေနဲ့ ကျန်တဲ့အစ်ကို တွေ၊ မောင်တွေ၊ ညီမတွေ၊ သူတို့ရဲ့ မိသားစုတွေရှိသေးတာဆို တော့ တာဝန်သိတဲ့ ချမ်းချမ်းမှာ တာဝန်တွေရှိနေတုန်းပေါ့။ ဒါပေမဲ့ ချမ်းချမ်း ပျော်ပါတယ်။ဟိုး… တစ်ချိန်က လူတကာ အလှောင်ခံရတဲ့ ပိန်ပိန်မည်းမည်း ခြောက်ခြောက် စန်းစန်းဌေးဆိုတဲ့ တောသူမလေးဟာ အခုတော့ ဘော်လီဘောအားကစားကြောင့် အသားအရေတွေလည်း စိုပြည်၊ ကျန်းမာရေးတွေလည်း ကောင်း နဲ့ ကြည့်ကောင်းလာခဲ့ရတယ်။ နောက်ပြီး ဘော်လီဘော အားကစားကြောင့်ပဲ သူ လူတစ်လုံး၊ သူတစ်လုံးဖြစ်ခဲ့ရပြီး မိသားစုကို စောင့်ရှောက်နိုင်ခဲ့တယ်။ အများအမြင်မှာ ကိုယ့်ရဲ့အားနည်းချက်လို့ မြင်ကြတဲ့အရာတစ်ခုကို အား သာချက်အဖြစ် အသွင်ပြောင်းနိုင်ခဲ့တယ်။ လာသမျှဒုက္ခတွေကို ဘော်လီဘောပုတ်သလို တဖုန်း ဖုန်း ပုတ်ထုတ်ပစ်နိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ချမ်းချမ်း ကိုယ့်ဘဝကိုယ် ကျေနပ်ပါတယ်လေ။Via: 7daydaily

Credit \ original

Recent Updates

Recent Posts Widget