ေသြးလႉခ်င္မ်ား သိထားသင့္တဲ့ အခ်က္မ်ား…!




ေသြးလႉတာနဲ႔ ပတ္သက္ၿပီး အယူအဆအမွားေတြ အေတြးအမွားေတြ အမ်ားႀကီးႀကဳံဖူးၾကားဖူးခဲ့ပါတယ္။ အဲဒီလို အယူအဆအမွား အျမင္အမွားေတြေၾကာင့္ ေသြးလႉႏိုင္ရဲ႕သားနဲ႔ ေသြးမလႉျဖစ္တဲ့လူေတြ အမ်ားႀကီးပါပဲ။ မြန္ျမတ္ျဖဴစင္လွတဲ့ လႉဒါန္းမႈတစ္ခုကို လူေတြက လုပ္ခ်င္ေပမယ့္ ဘယ္လိုအခ်က္ေတြက တားဆီးထားသလဲ။

၁။ ေသြးလႉၿပီးရင္ ၀ လာမယ္။

တကယ္ေတာ့ ေသြးလႉတာေၾကာင့္ ခႏၶာကိုယ္အေလးခ်ိန္ တိုးလာၿပီး ၀ လာတာမ်ိဳး မရွိပါဘူး။ အသားအရည္ စိုေျပၿပီး အလွတိုးတာပဲ ရွိပါတယ္။ ေသြးလႉထားတာေၾကာင့္ အားျပန္ျဖည့္ဖို႔ဆိုၿပီး ပုံမွန္ စားေသာက္တာထက္ ပိုၿပီး စားဖို႔ေသာက္ဖို႔လည္း မလိုပါဘူး။ ဒါေၾကာင့္ ပုံမွန္အတိုင္းပဲ စားေသာက္ေနထိုင္ပါ။ အဲဒီလိုဆို အရင္ကထက္ ပိုၿပီး ၀ လာစရာ မရွိပါဘူး။

၂။ ေသြးလႉတာေၾကာင့္ ေရာဂါကူးမယ္။

တကယ္ေတာ့ ေသြးေဖာက္ယူတဲ့ေနရာမွာ အသုံးျပဳတဲ့ အပ္ေတြ၊ ေသြးအိတ္ေတြ၊ ပစၥည္းကိရိယာေတြဟာ သန႔္ရွင္းပါတယ္။ ေသြးေဖာက္တဲ့အခါမွာ တစ္ခါသုံးအပ္ေတြကို သုံးထားပါတယ္။ ေသြးေဖာက္ေပးတဲ့ သူနာျပဳေတြကလည္း တစ္ခါသုံး လက္အိတ္ေတြကို အသုံးျပဳပါတယ္။ အစအဆုံး စနစ္တက် ရွိလွတဲ့အတြက္ ေသြးလႉရွင္ေတြအေနနဲ႔ ေရာဂါပိုးကူးစက္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။

၃။ ေသြးလႉၿပီးရင္ က်န္းမာေရး ထိခိုက္မယ္။

တကယ္ေတာ့ ေသြးမလႉခင္မွာတင္ ဆရာဝန္က ေသြးလႉရွင္ရဲ႕ က်န္းမာေရးကို အရင္စစ္ေဆးေပးပါတယ္။ ေသြးလႉဒါန္းဖို႔ သင့္ မသင့္ကို ဆုံးျဖတ္ေပးပါတယ္။ က်န္းမာေရး ေကာင္းမြန္မွ ေသြးေပးလႉတာပါ။ ဒါေပမယ့္ ေသြးလႉၿပီးရင္ေတာ့ ကုတင္ေပၚမွာ မိနစ္ အနည္းငယ္ေလာက္ေတာ့ အနားယူသင့္ပါတယ္။

၄။ ေသြးေဖာက္တဲ့အခါ အပ္ႀကီးႀကီးေၾကာင့္ နာမယ္။

တကယ္ေတာ့ နာတယ္ဆိုတာ အရမ္းနာတာ မဟုတ္ပါဘူး။ နားေဖာက္တာေလာက္ သြားႏႈတ္တာေလာက္ မနာပါဘူး။ ပု႐ြတ္ဆိတ္ ကိုက္ရင္ေတာင္ ဒီထက္ပိုနာပါတယ္။ တစ္ခုေလာက္ သတိရေစခ်င္တာက ေသြးလႉဖို႔ အပ္ထိုးတဲ့အခ်ိန္ နာတဲ့ နာက်င္မႈဒုကၡက ေသြးလိုေနတဲ့ လူနာရဲ႕ေသြးမရရင္ ခံစားရမယ့္ နာက်င္မႈဒုကၡနဲ႔ ႏႈိင္းယွဥ္ရင္ ဘာမွ မဟုတ္ဘူး ဆိုတာပါပဲ။

၅။ ေသြးလႉရတာ အခ်ိန္ကုန္မယ္။

တကယ္ေတာ့ ေသြးလႉတာ အစအဆုံးက အလြန္ဆုံး တစ္နာရီ ပတ္ဝန္းက်င္ပဲ ၾကာပါတယ္။ အဲဒီ တစ္နာရီမွာ လိုအပ္တဲ့ ကိုယ္ေရးအခ်က္အလက္ေတြ ျဖည့္ရတာေတြ၊ ေမးခြန္းေတြ ေျဖရတာေတြ၊ က်န္းမာေရး စစ္ေဆးမႈ ခံယူရတာေတြက အခ်ိန္အမ်ားဆုံး ယူသြားပါတယ္။ ေသြးလႉတဲ့အခ်ိန္က ၁၀မိနစ္ ပတ္ဝန္းက်င္ပဲ ရွိပါတယ္။

၆။ ေသြးလႉတဲ့အခါ ေသြးအမ်ားႀကီး ေဖာက္ယူခံရမယ္။

တကယ္ေတာ့ ေသြးအမ်ားႀကီး ေဖာက္မယူပါဘူး။ ေသြးလႉရွင္ရဲ႕ ကိုယ္အေလးခ်ိန္အေပၚ မူတည္ၿပီး ၄၀၀ မီလီလီတာကေန ၄၅၀ မီလီလီတာၾကားပဲ ယူပါတယ္။ အဲဒီထုတ္ယူလိုက္တဲ့ ေသြးပမာဏကို ခႏၶာကိုယ္က အခ်ိန္ပိုင္းအတြင္း ျပန္လည္ ျဖည့္ဆည္းေပးပါတယ္။

၇။ ကြၽန္ေတာ္ ေသြးလႉဖို႔ မလိုဘူး။ ေသြးလႉရွင္ေတြက အမ်ားႀကီးပဲေလ။

တကယ္ေတာ့ လူနာေတြအတြက္ ေသြးလႉရွင္ လိုေနပါတယ္။ ေသြးလႉလို႔ရႏိုင္တဲ့ လူဦးေရ စုစုေပါင္းရဲ႕ ၅ ရာခိုင္ႏႈန္းကပဲ ေသြးလႉေနၾကတာပါ။ ျမန္မာႏိုင္ငံမွာဆို ဒီထက္နည္းပါတယ္။ ေသြးကို အစားထိုးဖို႔အရာ မေပၚေသးပါဘူး။ သက္ရွိလူသားဆီကပဲ ရႏိုင္တဲ့အတြက္ ေသြးလႉရွင္ေတြ အမ်ားႀကီး လိုေနပါတယ္။

၈။ ေသြးဆိုတာ အၾကာႀကီး အထားခံတယ္။ တစ္ခါ လႉၿပီးရင္ လုံေလာက္တယ္။

တကယ္ေတာ့ ေအးခဲထားတဲ့ ေသြးရည္ၾကည္ဟာ ၁ ႏွစ္တိတိ သိမ္းထားလို႔ရပါတယ္။ ေသြးနီဥကို သာမာန္ အေျခအေနမွာ ၄၂ ရက္တိတိ သိုေလွာင္ႏိုင္ပါတယ္။ ေသြးဥမႊားကေတာ့ ၅ ရက္ပဲ အထားခံပါတယ္။ အဲဒီလို အထားခံေပမယ့္ လူနာေတြရဲ႕ ေသြးလိုအပ္ခ်က္က မ်ားလြန္းတဲ့အတြက္ လႉထားတဲ့ေသြးေတြ ေသြးဘဏ္မွာ အဲဒီေလာက္ေတာင္ၾကာၾကာမထားလိုက္ရပဲ လူနာေတြဆီကို ေသြးသြင္းကုသေပးလိုက္ရတာ မ်ားပါတယ္။ ဒါေၾကာင့္ေသြးဘဏ္မွာ ေသြးအိတ္တစ္ခုကို အၾကာႀကီး မျမင္ရပါဘူး။

၉။ ဘာသာတရားေၾကာင့္ ေသြးလႉလို႔မရဘူး။

တကယ္ေတာ့ ကိုးကြယ္တဲ့ ဘာသာတရားတိုင္းလိုလို

ဗုဒၵဘာသာ-ဗုဒၵဘာသာမွာ ပါရမီ(၁၀)ပါးရွိပါတယ္.ေသြးလႉဒါန္းျခင္းဆိုတာ ပါရမီ (၁၀)ပါးတစ္ပါးအပါအဝင္ျဖစ္တဲ့ လႉဒါန္းျခင္းဒါနပါရမီျဖစ္သလို.ေသြးေဖာက္စဥ္ခဏနာက်င္မႈကို သည္းခံရတဲ့အတြက္ ခႏၵီပါရမီလည္းျဖစ္ပါတယ္..ဒါေၾကာင့္ ေသြးလႉဒါန္းျခင္းျဖင့္ ကိုယ့္ရဲ႕ ပါရမီကို ရင့္သန္သထက္ရင့္သန္ေစရန္ျဖည့္ႏိုင္ၾကပါေစ…

ခရစ္ယာန္ဘာသာ-ခရစ္ေတာ္ကေဟာၾကားခဲ့ပါတယ္.’ကိုယ္နဲ႔ ပတ္သက္သူတိုင္းကို ကိုယ္ႏွင့္အတူခ်စ္အံ့’..လူေလာကမွာေနထိုင္တဲ့လူတစ္ေယာက္အေနနဲ႔ တျခားလူတေယာက္ရဲ႕ အသက္ကို ကယ္တင္ျခင္းဟာ ခရစ္ေတာ္ရဲ႕ အဆုံးအမအတိုင္းခ်စ္ရာေရာက္ပါတယ္.

မြတ္ဆလင္ႏွင့္ ဟိႏၵဴဘာသာ- မြတ္ဆလင္ႏွင့္ ဟိႏၵဴဘာသာ မွာလည္း ကုသိုလ္ဒါနျပဳမႈကို အားေပးခ်ီးေျမႇာက္ထားပါတယ္။အမွန္ေတာ့ ေသြးလႉတယ္ဆိုတာ ထပ္ခါတလဲလဲ ျပဳလုပ္လို႔ရတဲ့ မြန္ျမတ္ျဖဳစင္တဲ့ လႉဒါန္းမႈတစ္ခုျဖစ္သလိုတပါးသူတဦးရဲ႕ အသက္ကို ကယ္တင္ျခင္းဇီဝတဒါန လႉဒါန္းမႈတစ္ခုပါ။

အခုေျပာသြားတဲ့ အခ်က္ေတြေၾကာင့္ ေသြးမလႉျဖစ္ခဲ့တာပါဆိုရင္ ေနာက္ရက္ေတြက စၿပီး လူ႔အသက္ေတြကို ကယ္ဖို႔အတြက္ ဒီစာကို တစ္ခါေလာက္ အစအဆုံး ျပန္ဖတ္ေပးပါလို႔ေတာင္းဆိုခ်င္ပါတယ္။

ေသြး အေၾကာင္း စိတ္ဝင္စားစရာ အခ်က္မ်ား

က်န္းမာသန္စြမ္းတဲ့ သာမန္လူတစ္ေယာက္ဟာ (၄)လတစ္ႀကိမ္ႏွင့္ တစ္ႏွစ္ကို (၃)ႀကိမ္ေသြးလႉဒါန္းလို႔ရပါတယ္။ ေသြးကို အစားထိုးလို႔ရတဲ့အရာ မေပၚေသးပါဘူး။ ေသြးဟာ လူ႔ကိုယ္ခႏၶာအေလးခ်ိန္ရဲ႕ ခုနစ္ရာခိုင္ႏႈန္းနီးပါး ရွိပါတယ္။ ေသြးဟာ ေအာက္ဆီဂ်င္နဲ႔ အာဟာရဓါတ္ေတြကို သယ္ေဆာင္ေပးပါတယ္။ ေသြးဟာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္နဲ႔ အညစ္အေၾကးဓါတ္မ်ားကို စြန႔္ထုတ္ဖ်က္ဆီးေစဖို႔အတြက္ အဆုတ္၊ ေက်ာက္ကပ္နဲ႔ အသည္းေတြဆီကို သယ္ေဆာင္ေပးသြားျပန္တယ္။

ေသြးဟာ ေရာဂါေတြကို တိုက္ထုတ္ေပးၿပီး ဒဏ္ရာေတြ အနာေတြ က်က္ေစဖို႔ ကူညီေပးေသးတယ္။ေအ၊ဘီ၊ ေအဘီ၊ အို ဆိုၿပီးေတာ့ အဓိက ေသြးအမ်ိဳးအစားအုပ္စုႀကီး ေလးခုရွိပါတယ္။ ေသြးအမ်ိဳးအစားတိုင္းမွာ ေမ်ာက္ေသြးလို႔ေခၚတဲ့ RH အေပါင္း အႏုတ္ ဆိုတာလည္း ရွိျပန္ေသးတယ္။

ေသြးထဲမွာ ေသြးနီဥ၊ ေသြးျဖဴဥ၊ ေသြးဥမႊားနဲ႔ ေသြးရည္ၾကည္ဆိုၿပီး အဓိက ၄ မ်ိဳးေပါင္းစပ္ပါဝင္ေနတယ္။ ေသြးျဖဴဥဟာ ေသြးဆဲလ္ထဲမွာ အႀကီးဆုံးပါပဲ။ ေရာဂါပိုးမႊားေတြကို တိုက္ထုတ္ဖို႔ တာဝန္ယူေပးထားပါတယ္။ ေသြးျဖဴဥေတြရဲ႕ သက္တမ္းဟာ တိုလြန္းလွပါတယ္။ ရက္အနည္းငယ္ ဒါမွမဟုတ္ တစ္ပတ္ေလာက္ပဲ သက္တမ္းရွိပါတယ္။ ေသြးစက္ေလးတစ္စက္မွာ ေသြးျဖဴဥဆဲလ္ေပါင္း ခုနစ္ေထာင္ကေန ႏွစ္ေသာင္းခြဲအထိ ရွိတတ္ပါတယ္။ ကိုယ္ထဲကို ဝင္လာတဲ့ ေရာဂါပိုးက ျပန္လည္ခုခံတယ္ဆိုရင္ ေသြးျဖဴဥဆဲလ္ အေရအတြက္ ဒီထက္မက မ်ားျပားလာတတ္ပါတယ္။

ေသြးနီဥဟာ ေသြးပမာဏရဲ႕ ၄၀ ရာခိုင္ႏႈန္းနီးပါး ရွိပါတယ္။ ေအာက္ဆီဂ်င္နဲ႔ အာဟာရဓါတ္ေတြကို အဓိက သယ္ေဆာင္ေပးပါတယ္။ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓါတ္ေတြကို အဆုတ္ကို ျပန္လည္ သယ္ယူေပးျပန္တယ္။

ေသြးဥမႊားက အေသးငယ္ဆုံး ေသြးဆဲလ္ေလးေတြပါ။ ေသြးပမာဏရဲ႕ ၅ ရာခိုင္ႏႈန္းက ၇ ရာခိုင္ႏႈန္းအထိဟာ ေသြးဥမႊားေလးေတြပါ။ ေသြးဥမႊားေတြက ဒဏ္ရာ အနာတရျဖစ္တဲ့အခါမွာေသြးခဲေစၿပီး ေသြးယိုထြက္ျခင္းကို ေလွ်ာ့ခ်ေပးပါတယ္။

ေသြးရည္ၾကည္က ေစးကပ္ကပ္ရွိလွတဲ့ အဝါေရာင္ေဖ်ာ့ေဖ်ာ့ အရည္ေလးပါ။ ေသြးပမာဏ စုစုေပါင္းရဲ႕ ၅၅ ရာခိုင္ႏႈန္းဟာ ေသြးရည္ၾကည္ေတြပါ။ ေသြးရည္ၾကည္ထဲမွာ ေရဓါတ္၊ ဆားဓါတ္နဲ႔ ပ႐ိုတင္းဓါတ္ေတြ ေပါင္းစပ္ ပါဝင္ေနပါတယ္။ ေသြးရည္ၾကည္ရဲ႕ ၉၅ ရာခိုင္ႏႈန္းက ေရေတြပါ။ က်န္တဲ့ ၅ ရာခိုင္ႏႈန္းက ဟိုမုန္းဓါတ္ေတြ၊ ဆားဓါတ္နဲ႔ ပ႐ိုတင္းဓါတ္ေတြေပါ့။

ေသြးနီဥဟာ လူ႔ခႏၶာကိုယ္ထဲမွာ ရက္ေပါင္း ၁၂၀ အထိ သက္တမ္းရွိပါတယ္။ ေသြးနီဥကို သာမာန္အေျခအေနမွာ ၄၂ ရက္တိတိ သိုေလွာင္ထားလို႔ရပါတယ္။ ေအးခဲထားတဲ့ ေသြးနီဥေတြဆိုရင္ ၁၀ ႏွစ္နဲ႔ အထက္ သိမ္းထားလို႔ရပါတယ္။ ေသြးဥမႊားကေတာ့ ၅ ရက္အတြင္း အသုံးျပဳရပါတယ္။ ေသြးဥမႊားကို ေသြးကင္ဆာနဲ႔ တျခားကင္ဆာေရာဂါေတြရဲ႕ ေသြးသြင္းကုသမႈမွာ အသုံးျပဳပါတယ္။

ေသြးရည္ၾကည္ဟာ ေသြးေပါင္ခ်ိန္ကို ထိန္းတဲ့ေနရာမွာ ကူညီေပးပါတယ္။ ေသြးဆဲလ္ေတြ၊ ဟိုမုန္းဓါတ္ေတြ၊ အင္ဇိုင္းေတြကိုလည္း သယ္ေဆာင္ေပးပါတယ္။ ေသြးခဲေစဖို႔အတြက္နဲ႔ ကိုယ္ခံအားစနစ္အတြက္ လိုအပ္တဲ့ ပ႐ိုတင္းဓါတ္ကိုလည္း သယ္ေဆာင္ေပးပါတယ္။ေ အးခဲထားတဲ့ ေသြးရည္ၾကည္ဟာ ၁ ႏွစ္တိတိ ထားလို႔ရပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ Whole blood donation လို႔ေခၚတဲ့ အမ်ားသိၾကတဲ့ ေသြးလႉဒါန္းမႈကိုသာ ျပဳလုပ္ႏိုင္ပါတယ္. ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာေတာ့ Whole blood donation,Plasma donation,Platelet donation ဆိုၿပီး ခြဲျခားလႉဒါန္းႏိုင္ပါတယ္။

ေသြးလႉမယ္ဆိုရင္

အခု အပိုင္းကေတာ့ေသြးလႉရွင္တစ္ေယာက္ျဖစ္ဖို႔ လိုအပ္တဲ့ အခ်က္ေတြနဲ႔ ေသြးလႉဒါန္းျခင္းမွာ ျပဳလုပ္တဲ့ေသြးအမ်ိဳးအစားစစ္ေဆးျခင္း၊ေသြးလႉရွင္က်န္းမာေရးစစ္ေဆးျခင္း၊ေသြးထုတ္ယူျခင္း၊ အာဟာရျဖည့္တင္းျခင္းဆိုတဲ့ အဆင့္ဆင့္ကို ေဖာ္ျပေပးသြားပါမယ္။ ေသြးလႉဒါန္းျခင္းမျပဳႏိုင္တဲ့သူေတြအေၾကာင္းလည္းေရးေပးလိုက္ပါတယ္။ ေသြးလႉရွင္တစ္ေယာက္ျဖစ္ဖို႔ကိုယ့္မွာသန႔္ရွင္းတဲ့ေသြးပိုင္ဆိုင္ဖို႔နဲ႔ ေဟမိုဂလိုဘင္လို႔ ေခၚတဲ့ ေသြးအားျပည့္မႈေတြရွိမွ လႉဒါန္းႏိုင္မွာျဖစ္ပါတယ္.

ေသြး လႉဒါန္း လိုသူဟာေသြးလႉရန္အတြက္ သြားမဲ့ေန႔မွာဘာေတြျပင္ဆင္သြားရပါမလဲ?

အခုမွစတင္လႉဒါန္းမဲ့သူဆိုရင္ မွတ္ပုံတင္(သို႔)ေက်ာင္းသား/ဝန္ထမ္း ကတ္ယူသြားရပါမယ္။ အၿမဲတမ္းေသြးလႉတဲ့သူဆိုရင္ေတာ့ ေသြးလႉရွင္ကတ္ျပားယူေဆာင္သြားရပါမယ္။ ေသြးလႉမဲ့ေန႔မနက္မွာ အားရွိေအာင္ မနက္စာအဝစားလို႔ ေရ (သို႔)ေဖ်ာ္ရည္ မ်ားမ်ားေသာက္ထားရင္ ေသြးလႉတဲ့အခါ ေသြးရဲ႕ စီးဆင္းမႈကို ျမန္ဆန္ေစပါတယ္။သတိျပဳရမွာက ဘာမွမစားမေသာက္ထားပဲမသြားပါနဲ႔…..ေသြးလႉၿပီး မူးေမာ္တာ ျဖစ္တတ္လို႔ပါ။

ေသြး သည္အသက္၊ အသက္သည္ေသြးျဖစ္လို႔ ေသြးလႉဒါန္းျခင္းျဖင့္ တပါးသူရဲ႕ အသက္တစ္ေခ်ာင္းကိုကယ္တင္ေပးပါလို႔ တိုက္တြန္းရင္း

မွတ္ခ်က္။ ။ယခုေဖာ္ျပခ်က္မ်ားမွာ’ဖတ္မိသမွ်၊မွတ္မိသမွ်’ကိုျပန္လည္ေဝငွျခင္းျဖစ္ပါသည္။ မူရင္းေရးသားသူ ပညာရွင္ မ်ားရဲ႕အမည္မ်ားကိုမမွတ္မိသျဖင့္ ကိုးကားေနရာတြက္ေဖာ္ျပႏိုင္ျခင္းမရွိသည္ကို နားလည္ေပးၾကေစရန္ ပန္ၾကားအပ္ပါသည္။ ။

Credit: ဝင္းသု

Unicodeဖြင့်ဖတ်ရန်

သွေးလှူချင်များ သိထားသင့်တဲ့ အချက်များ

သွေးလှူတာနဲ့ ပတ်သက်ပြီး အယူအဆအမှားတွေ အတွေးအမှားတွေ အများကြီးကြုံဖူးကြားဖူးခဲ့ပါတယ်။ အဲဒီလို အယူအဆအမှား အမြင်အမှားတွေကြောင့် သွေးလှူနိုင်ရဲ့သားနဲ့ သွေးမလှူဖြစ်တဲ့လူတွေ အများကြီးပါပဲ။ မွန်မြတ်ဖြူစင်လှတဲ့ လှူဒါန်းမှုတစ်ခုကို လူတွေက လုပ်ချင်ပေမယ့် ဘယ်လိုအချက်တွေက တားဆီးထားသလဲ။

၁။ သွေးလှူပြီးရင် ၀ လာမယ်။

တကယ်တော့ သွေးလှူတာကြောင့် ခန္ဓာကိုယ်အလေးချိန် တိုးလာပြီး ၀ လာတာမျိုး မရှိပါဘူး။ အသားအရည် စိုပြေပြီး အလှတိုးတာပဲ ရှိပါတယ်။ သွေးလှူထားတာကြောင့် အားပြန်ဖြည့်ဖို့ဆိုပြီး ပုံမှန် စားသောက်တာထက် ပိုပြီး စားဖို့သောက်ဖို့လည်း မလိုပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်းပဲ စားသောက်နေထိုင်ပါ။ အဲဒီလိုဆို အရင်ကထက် ပိုပြီး ၀ လာစရာ မရှိပါဘူး။

၂။ သွေးလှူတာကြောင့် ရောဂါကူးမယ်။

တကယ်တော့ သွေးဖောက်ယူတဲ့နေရာမှာ အသုံးပြုတဲ့ အပ်တွေ၊ သွေးအိတ်တွေ၊ ပစ္စည်းကိရိယာတွေဟာ သန့်ရှင်းပါတယ်။ သွေးဖောက်တဲ့အခါမှာ တစ်ခါသုံးအပ်တွေကို သုံးထားပါတယ်။ သွေးဖောက်ပေးတဲ့ သူနာပြုတွေကလည်း တစ်ခါသုံး လက်အိတ်တွေကို အသုံးပြုပါတယ်။ အစအဆုံး စနစ်တကျ ရှိလှတဲ့အတွက် သွေးလှူရှင်တွေအနေနဲ့ ရောဂါပိုးကူးစက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

၃။ သွေးလှူပြီးရင် ကျန်းမာရေး ထိခိုက်မယ်။

တကယ်တော့ သွေးမလှူခင်မှာတင် ဆရာဝန်က သွေးလှူရှင်ရဲ့ ကျန်းမာရေးကို အရင်စစ်ဆေးပေးပါတယ်။ သွေးလှူဒါန်းဖို့ သင့် မသင့်ကို ဆုံးဖြတ်ပေးပါတယ်။ ကျန်းမာရေး ကောင်းမွန်မှ သွေးပေးလှူတာပါ။ ဒါပေမယ့် သွေးလှူပြီးရင်တော့ ကုတင်ပေါ်မှာ မိနစ် အနည်းငယ်လောက်တော့ အနားယူသင့်ပါတယ်။

၄။ သွေးဖောက်တဲ့အခါ အပ်ကြီးကြီးကြောင့် နာမယ်။

တကယ်တော့ နာတယ်ဆိုတာ အရမ်းနာတာ မဟုတ်ပါဘူး။ နားဖောက်တာလောက် သွားနှုတ်တာလောက် မနာပါဘူး။ ပုရွတ်ဆိတ် ကိုက်ရင်တောင် ဒီထက်ပိုနာပါတယ်။ တစ်ခုလောက် သတိရစေချင်တာက သွေးလှူဖို့ အပ်ထိုးတဲ့အချိန် နာတဲ့ နာကျင်မှုဒုက္ခက သွေးလိုနေတဲ့ လူနာရဲ့သွေးမရရင် ခံစားရမယ့် နာကျင်မှုဒုက္ခနဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်ဘူး ဆိုတာပါပဲ။

၅။ သွေးလှူရတာ အချိန်ကုန်မယ်။

တကယ်တော့ သွေးလှူတာ အစအဆုံးက အလွန်ဆုံး တစ်နာရီ ပတ်ဝန်းကျင်ပဲ ကြာပါတယ်။ အဲဒီ တစ်နာရီမှာ လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်ရတာတွေ၊ မေးခွန်းတွေ ဖြေရတာတွေ၊ ကျန်းမာရေး စစ်ဆေးမှု ခံယူရတာတွေက အချိန်အများဆုံး ယူသွားပါတယ်။ သွေးလှူတဲ့အချိန်က ၁၀မိနစ် ပတ်ဝန်းကျင်ပဲ ရှိပါတယ်။

၆။ သွေးလှူတဲ့အခါ သွေးအများကြီး ဖောက်ယူခံရမယ်။

တကယ်တော့ သွေးအများကြီး ဖောက်မယူပါဘူး။ သွေးလှူရှင်ရဲ့ ကိုယ်အလေးချိန်အပေါ် မူတည်ပြီး ၄၀၀ မီလီလီတာကနေ ၄၅၀ မီလီလီတာကြားပဲ ယူပါတယ်။ အဲဒီထုတ်ယူလိုက်တဲ့ သွေးပမာဏကို ခန္ဓာကိုယ်က အချိန်ပိုင်းအတွင်း ပြန်လည် ဖြည့်ဆည်းပေးပါတယ်။

၇။ ကျွန်တော် သွေးလှူဖို့ မလိုဘူး။ သွေးလှူရှင်တွေက အများကြီးပဲလေ။

တကယ်တော့ လူနာတွေအတွက် သွေးလှူရှင် လိုနေပါတယ်။ သွေးလှူလို့ရနိုင်တဲ့ လူဦးရေ စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းကပဲ သွေးလှူနေကြတာပါ။ မြန်မာနိုင်ငံမှာဆို ဒီထက်နည်းပါတယ်။ သွေးကို အစားထိုးဖို့အရာ မပေါ်သေးပါဘူး။ သက်ရှိလူသားဆီကပဲ ရနိုင်တဲ့အတွက် သွေးလှူရှင်တွေ အများကြီး လိုနေပါတယ်။

၈။ သွေးဆိုတာ အကြာကြီး အထားခံတယ်။ တစ်ခါ လှူပြီးရင် လုံလောက်တယ်။

တကယ်တော့ အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ သိမ်းထားလို့ရပါတယ်။ သွေးနီဥကို သာမာန် အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်နိုင်ပါတယ်။ သွေးဥမွှားကတော့ ၅ ရက်ပဲ အထားခံပါတယ်။ အဲဒီလို အထားခံပေမယ့် လူနာတွေရဲ့ သွေးလိုအပ်ချက်က များလွန်းတဲ့အတွက် လှူထားတဲ့သွေးတွေ သွေးဘဏ်မှာ အဲဒီလောက်တောင်ကြာကြာမထားလိုက်ရပဲ လူနာတွေဆီကို သွေးသွင်းကုသပေးလိုက်ရတာ များပါတယ်။ ဒါကြောင့်သွေးဘဏ်မှာ သွေးအိတ်တစ်ခုကို အကြာကြီး မမြင်ရပါဘူး။

၉။ ဘာသာတရားကြောင့် သွေးလှူလို့မရဘူး။

တကယ်တော့ ကိုးကွယ်တဲ့ ဘာသာတရားတိုင်းလိုလို

ဗုဒ္ဒဘာသာ-ဗုဒ္ဒဘာသာမှာ ပါရမီ(၁၀)ပါးရှိပါတယ်.သွေးလှူဒါန်းခြင်းဆိုတာ ပါရမီ (၁၀)ပါးတစ်ပါးအပါအဝင်ဖြစ်တဲ့ လှူဒါန်းခြင်းဒါနပါရမီဖြစ်သလို.သွေးဖောက်စဉ်ခဏနာကျင်မှုကို သည်းခံရတဲ့အတွက် ခန္ဒီပါရမီလည်းဖြစ်ပါတယ်..ဒါကြောင့် သွေးလှူဒါန်းခြင်းဖြင့် ကိုယ့်ရဲ့ ပါရမီကို ရင့်သန်သထက်ရင့်သန်စေရန်ဖြည့်နိုင်ကြပါစေ…

ခရစ်ယာန်ဘာသာ-ခရစ်တော်ကဟောကြားခဲ့ပါတယ်.’ကိုယ်နဲ့ ပတ်သက်သူတိုင်းကို ကိုယ်နှင့်အတူချစ်အံ့’..လူလောကမှာနေထိုင်တဲ့လူတစ်ယောက်အနေနဲ့ တခြားလူတယောက်ရဲ့ အသက်ကို ကယ်တင်ခြင်းဟာ ခရစ်တော်ရဲ့ အဆုံးအမအတိုင်းချစ်ရာရောက်ပါတယ်.

မွတ်ဆလင်နှင့် ဟိန္ဒူဘာသာ- မွတ်ဆလင်နှင့် ဟိန္ဒူဘာသာ မှာလည်း ကုသိုလ်ဒါနပြုမှုကို အားပေးချီးမြှောက်ထားပါတယ်။အမှန်တော့ သွေးလှူတယ်ဆိုတာ ထပ်ခါတလဲလဲ ပြုလုပ်လို့ရတဲ့ မွန်မြတ်ဖြုစင်တဲ့ လှူဒါန်းမှုတစ်ခုဖြစ်သလိုတပါးသူတဦးရဲ့ အသက်ကို ကယ်တင်ခြင်းဇီဝတဒါန လှူဒါန်းမှုတစ်ခုပါ။

အခုပြောသွားတဲ့ အချက်တွေကြောင့် သွေးမလှူဖြစ်ခဲ့တာပါဆိုရင် နောက်ရက်တွေက စပြီး လူ့အသက်တွေကို ကယ်ဖို့အတွက် ဒီစာကို တစ်ခါလောက် အစအဆုံး ပြန်ဖတ်ပေးပါလို့တောင်းဆိုချင်ပါတယ်။

သွေး အကြောင်း စိတ်ဝင်စားစရာ အချက်များ

ကျန်းမာသန်စွမ်းတဲ့ သာမန်လူတစ်ယောက်ဟာ (၄)လတစ်ကြိမ်နှင့် တစ်နှစ်ကို (၃)ကြိမ်သွေးလှူဒါန်းလို့ရပါတယ်။ သွေးကို အစားထိုးလို့ရတဲ့အရာ မပေါ်သေးပါဘူး။ သွေးဟာ လူ့ကိုယ်ခန္ဓာအလေးချိန်ရဲ့ ခုနစ်ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ သွေးဟာ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို သယ်ဆောင်ပေးပါတယ်။ သွေးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အညစ်အကြေးဓါတ်များကို စွန့်ထုတ်ဖျက်ဆီးစေဖို့အတွက် အဆုတ်၊ ကျောက်ကပ်နဲ့ အသည်းတွေဆီကို သယ်ဆောင်ပေးသွားပြန်တယ်။

သွေးဟာ ရောဂါတွေကို တိုက်ထုတ်ပေးပြီး ဒဏ်ရာတွေ အနာတွေ ကျက်စေဖို့ ကူညီပေးသေးတယ်။အေ၊ဘီ၊ အေဘီ၊ အို ဆိုပြီးတော့ အဓိက သွေးအမျိုးအစားအုပ်စုကြီး လေးခုရှိပါတယ်။ သွေးအမျိုးအစားတိုင်းမှာ မျောက်သွေးလို့ခေါ်တဲ့ RH အပေါင်း အနုတ် ဆိုတာလည်း ရှိပြန်သေးတယ်။

သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်ဆိုပြီး အဓိက ၄ မျိုးပေါင်းစပ်ပါဝင်နေတယ်။ သွေးဖြူဥဟာ သွေးဆဲလ်ထဲမှာ အကြီးဆုံးပါပဲ။ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့ တာဝန်ယူပေးထားပါတယ်။ သွေးဖြူဥတွေရဲ့ သက်တမ်းဟာ တိုလွန်းလှပါတယ်။ ရက်အနည်းငယ် ဒါမှမဟုတ် တစ်ပတ်လောက်ပဲ သက်တမ်းရှိပါတယ်။ သွေးစက်လေးတစ်စက်မှာ သွေးဖြူဥဆဲလ်ပေါင်း ခုနစ်ထောင်ကနေ နှစ်သောင်းခွဲအထိ ရှိတတ်ပါတယ်။ ကိုယ်ထဲကို ဝင်လာတဲ့ ရောဂါပိုးက ပြန်လည်ခုခံတယ်ဆိုရင် သွေးဖြူဥဆဲလ် အရေအတွက် ဒီထက်မက များပြားလာတတ်ပါတယ်။

သွေးနီဥဟာ သွေးပမာဏရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို အဓိက သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေကို အဆုတ်ကို ပြန်လည် သယ်ယူပေးပြန်တယ်။

သွေးဥမွှားက အသေးငယ်ဆုံး သွေးဆဲလ်လေးတွေပါ။ သွေးပမာဏရဲ့ ၅ ရာခိုင်နှုန်းက ၇ ရာခိုင်နှုန်းအထိဟာ သွေးဥမွှားလေးတွေပါ။ သွေးဥမွှားတွေက ဒဏ်ရာ အနာတရဖြစ်တဲ့အခါမှာသွေးခဲစေပြီး သွေးယိုထွက်ခြင်းကို လျှော့ချပေးပါတယ်။

သွေးရည်ကြည်က စေးကပ်ကပ်ရှိလှတဲ့ အဝါရောင်ဖျော့ဖျော့ အရည်လေးပါ။ သွေးပမာဏ စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းဟာ သွေးရည်ကြည်တွေပါ။ သွေးရည်ကြည်ထဲမှာ ရေဓါတ်၊ ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေ ပေါင်းစပ် ပါဝင်နေပါတယ်။ သွေးရည်ကြည်ရဲ့ ၉၅ ရာခိုင်နှုန်းက ရေတွေပါ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းက ဟိုမုန်းဓါတ်တွေ၊ ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေပေါ့။

သွေးနီဥဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရက်ပေါင်း ၁၂၀ အထိ သက်တမ်းရှိပါတယ်။ သွေးနီဥကို သာမာန်အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်ထားလို့ရပါတယ်။ အေးခဲထားတဲ့ သွေးနီဥတွေဆိုရင် ၁၀ နှစ်နဲ့ အထက် သိမ်းထားလို့ရပါတယ်။ သွေးဥမွှားကတော့ ၅ ရက်အတွင်း အသုံးပြုရပါတယ်။ သွေးဥမွှားကို သွေးကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့ သွေးသွင်းကုသမှုမှာ အသုံးပြုပါတယ်။

သွေးရည်ကြည်ဟာ သွေးပေါင်ချိန်ကို ထိန်းတဲ့နေရာမှာ ကူညီပေးပါတယ်။ သွေးဆဲလ်တွေ၊ ဟိုမုန်းဓါတ်တွေ၊ အင်ဇိုင်းတွေကိုလည်း သယ်ဆောင်ပေးပါတယ်။ သွေးခဲစေဖို့အတွက်နဲ့ ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်ကိုလည်း သယ်ဆောင်ပေးပါတယ်။ေ အးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ ထားလို့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ Whole blood donation လို့ခေါ်တဲ့ အများသိကြတဲ့ သွေးလှူဒါန်းမှုကိုသာ ပြုလုပ်နိုင်ပါတယ်. ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ Whole blood donation,Plasma donation,Platelet donation ဆိုပြီး ခွဲခြားလှူဒါန်းနိုင်ပါတယ်။

သွေးလှူမယ်ဆိုရင်

အခု အပိုင်းကတော့သွေးလှူရှင်တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အချက်တွေနဲ့ သွေးလှူဒါန်းခြင်းမှာ ပြုလုပ်တဲ့သွေးအမျိုးအစားစစ်ဆေးခြင်း၊သွေးလှူရှင်ကျန်းမာရေးစစ်ဆေးခြင်း၊သွေးထုတ်ယူခြင်း၊ အာဟာရဖြည့်တင်းခြင်းဆိုတဲ့ အဆင့်ဆင့်ကို ဖော်ပြပေးသွားပါမယ်။ သွေးလှူဒါန်းခြင်းမပြုနိုင်တဲ့သူတွေအကြောင်းလည်းရေးပေးလိုက်ပါတယ်။ သွေးလှူရှင်တစ်ယောက်ဖြစ်ဖို့ကိုယ့်မှာသန့်ရှင်းတဲ့သွေးပိုင်ဆိုင်ဖို့နဲ့ ဟေမိုဂလိုဘင်လို့ ခေါ်တဲ့ သွေးအားပြည့်မှုတွေရှိမှ လှူဒါန်းနိုင်မှာဖြစ်ပါတယ်.

သွေးလှူဒါန်းလိုသူဟာသွေးလှူရန်အတွက် သွားမဲ့နေ့မှာဘာတွေပြင်ဆင်သွားရပါမလဲ?

အခုမှစတင်လှူဒါန်းမဲ့သူဆိုရင် မှတ်ပုံတင်(သို့)ကျောင်းသား/ဝန်ထမ်းကတ်ယူသွားရပါမယ်။ အမြဲတမ်းသွေးလှူတဲ့သူဆိုရင်တော့ သွေးလှူရှင်ကတ်ပြားယူဆောင်သွားရပါမယ်။ သွေးလှူမဲ့နေ့မနက်မှာ အားရှိအောင် မနက်စာအဝစားလို့ ရေ (သို့)ဖျော်ရည် များများသောက်ထားရင် သွေးလှူတဲ့အခါ သွေးရဲ့ စီးဆင်းမှုကို မြန်ဆန်စေပါတယ်။သတိပြုရမှာက ဘာမှမစားမသောက်ထားပဲမသွားပါနဲ့…..သွေးလှူပြီး မူးမော်တာ ဖြစ်တတ်လို့ပါ။

သွေးသည်အသက်၊ အသက်သည်သွေးဖြစ်လို့ သွေးလှူဒါန်းခြင်းဖြင့် တပါးသူရဲ့ အသက်တစ်ချောင်းကိုကယ်တင်ပေးပါလို့ တိုက်တွန်းရင်း

မှတ်ချက်။ ။ယခုဖော်ပြချက်များမှာ’ဖတ်မိသမျှ၊မှတ်မိသမျှ’ကိုပြန်လည်ဝေငှခြင်းဖြစ်ပါသည်။ မူရင်းရေးသားသူ ပညာရှင် များရဲ့အမည်များကိုမမှတ်မိသဖြင့် ကိုးကားနေရာတွက်ဖော်ပြနိုင်ခြင်းမရှိသည်ကို နားလည်ပေးကြစေရန် ပန်ကြားအပ်ပါသည်။ ။

Credit: ဝင်းသု

Recent Updates

Recent Posts Widget