“အဖေနေ့ ဘာကြောင့်ဖြစ်ပေါ်လာရသလဲ..?”
မိခင်မေတ္တာကို ဖေိာကျူးတဲ့ သီချင်းတွေ၊ ကဗျာတွေ၊ စာတွေများသလောက် အဖေ့အကြောင်းရေးတဲ့စာတွေက တော့ အမေနဲ့ယှဉ်ရင် တော့်တော့်ကိုနည်းပါတယ်။
အဖေ့မေတ္တာဆိုတာက အမေ့မေတ္တာလို ထင်ထင်ရှားရှား မြင်ရတဲ့ အရာမျိုးမဟုတ်တော့ ကျွန်တော်တို့ကအမေ့ကို ပိုခင်တွယ်တတ်တယ်မဟုတ်လား။
တစ်ခါတစ်လေ အဖေ့ကို ပြောချင်တဲ့စကားတွေရင်ထဲမှာ ရှိနေခဲ့ရင်တောင်ပွင့်ပွင့်လင်းလင်း မပြောရဲပါဘူး။ ဒီနေ့က အဖေနေ့ ဆိုတော့ လူကိုယ်တိုင် မပြောရဲဘူးဆိုရင်တောင် Facebook ပေါ်မှာရင်ဖွင့်ဖို့အကောင်းဆုံးပါပဲ။
နောက်ပြီး အဖေနဲ့ ဖြစ်ပေါ်လာပုံက သမိုင်းကြောင်းလေးရှိပါတယ်။
အမေရိကမှာ ၁၉၆၆ တုန်းက အဖေနေ့ဆိုပြီး တရားဝင်ကျင်းပဖို့အတွက် ဂျွန်လတတိယပတ် တနင်္ဂနွေနေ့ကို သတ်မှတ်ခဲ့ပါတယ်။
အဖေနေ့ဖြစ်ပေါ်လာပုံနဲ့ ပက်သက်ပြီး သမိုင်းကြောင်းကို ပြန်ကောက်မယ်ဆိုရင် ကွဲလွဲမှုနည်းနည်းတော့ တွေ့ရမှာပါ။
ဒါပေမယ့်သေချာပြောနိုင်တာက လွန်ခဲ့တဲ့နှစ်တစ်ရာလောက်တုန်းက အဖေနေ့ဆိုပြီး ကျင်းပနိုင်ဖို့ အတွက် လှုပ်ရှားမှုကြီးတစ်ခုလုပ်ခဲ့ကြတယ်ဆိုတာပါပဲ။
အဖေနေ့နဲ့ပက်သက်ရင် တော်တော်များများလက်ခံထားတဲ့အချက်ကတော့ ဝါရှင်တန်မြို့က Sonora Dodd ဆိုတဲ့အမျိုးသမီး စခဲ့တယ်ဆိုတာပါပဲ။
၁၉၁၀ တုန်းက အမေနေ့ဆိုတာ ကျင်းပနေပြီဆိုပေမယ့် အဖေနေ့ဆိုတာ မရှိသေးပါဘူး။ ဒါဟာ မမျှတဘူးရယ်လို့ Dodd ကမြင်ပါတယ်။
Dodd နဲ့ သူ့မောင်နှမတွေဟာ ငယ်ငယ်ကတည်းက အမေသေဆုံးသွားတဲ့အတွက် အဖေ့လက်ပေါ်မှာကြီးပြင်းလာရတာပါ။
ဒေသအခြေစိုက် ဝိုင်အမ်စီအေအဖွဲ့အစည်းနဲ့ Spokane မြို့ကဝန်ကြီးများအဖွဲ့ရဲ့အကူအညီနဲ့အတူ သူမနေထိုင်ရာမြို့ရဲ့ အနီးပတ်ဝန်းကျင်မှာ အဖေနေ့ကိုကို တရားဝင်အသိအမှတ်ပြုခံရဖို့ Dodd ဟာကြိုးပမ်းအားထုတ်ခဲ့ပါတယ်။
ဒီလိုနဲ့ Spokane မြို့နဲ့ အခြားမြို့တွေမှာ အဖေနေ့ကို ၁၉၁၀ ခုနှစ်က ကျင်းပနိုင်ခဲ့ပါတယ်။
နောက်ထပ်ကွဲလွဲမှုတစ်ခုကတော့ အနောက်ဗာဂျီးနီးယားပြည်နယ်၊ ဖဲလ်မောက်က Grace Golden Clayton ဟာလည်း အဖေနေ့စတင်ကျင်းပဖို့ကြိုးစားခဲ့တဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတာပါ။
၁၉၀၈ ခုနှစ်တုန်းက သူမဟာ အဖေနေ့ကျင်းပဖို့ အကြံပြုခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူမနေထိုင်တဲ့မြို့လေးရဲ့ အနီးအနားကမြို့လေးတစ်မြို့ရဲ့မိုင်းတွင်းမှာ ပေါက်ကွဲမှုဖြစ်ပြီး လူပေါင်း ၃၆၀ လောက် သေဆုံးသွားပါတယ်။
သေဆုံးသွားသူတွေရဲ့သားသမီးတွေဟာ သူတို့ရဲ့ဖခင်ကို အမြဲသတိတရရှိနေတယ်ဆိုတာကနေ အဖေနေ့ကျင်းပဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ Clayton ဟာ သူမထက် နှစ်လလောက် စောတဲ့ အမေနဲ့ကျင်းပဖို့ကြိုးစားခဲ့သူ Anna Jarvis ရဲ့လုပ်ရပ်တွေကနေစိတ်ကူးရခဲ့တာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။
၁၉၆၆ ခုနှစ်မတိုင်ခင် အမေရိကန်သမ္မတတွေက ဒီနေ့ရက်ကိုအသိအမှတ်မပြုပါဘူး။ နောက်ပိုင်းမှာတော့ သမ္မတ Lyndon Johnson က ဒီနေ့ကိုနိုင်ငံတော်ရဲ့ တရားဝင်ပြက္ခဒိန်မှာ ထည့်သွင်းပေးပါတယ်။ ၁၉၇၂ ခုနှစ်မှာတော့ သမ္မတ Richard Nixon က ပြန်တမ်းဝင်အားလပ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
အဲ့ဒီအချိန် အင်္ဂလန်မှာတော့ ဒီလိုအခွင့်အရေးမျိုးမရသေးပါဘူး။ ဒီလိုနဲ့ လူထုကမ်ပိန်းတစ်ခုဆင်နွှဲပြီး တောင်းဆိုခဲ့ကြပါတယ်။ ၁၉၅၇ ခုနှစ်တုန်းက စီနိတ်တာ Magaret Chase Smith ရဲ့ ကွန်ဂရက်ကိုရေးတဲ့စာမှာ “ကျွန်ုပ်တို့ဟာ အဖေနဲ့အမေ မိဘနှစ်ပါးစလုံးကို ဂုဏ်ပြုမလား။ တစ်ယောက်တည်းကို ဂုဏ်ပြုနေတာတွေရပ်မလား။
တစ်ယောက်ကိုဂုဏ်ပြုပြီး တစ်ယောက်ကိုလျစ်လျူရှုထားတာက တော်တော်ဆိုးဝါးတဲ့လုပ်ရပ်ပဲ” လို့ ရေးသားခဲ့ပါတယ်။
အင်္ဂလန်မှာဆိုရင် ဒီနေ့ရောက်ရင် ကိုယ့်ရဲ့အဖေကို လူငယ်တွေက အကောင်းဆုံးလက်ဆောင်တွေ ပေးလေ့ရှိပါတယ်။ ဆိုးဆိုးဝါးဝါး လျစ်လျူရှုတတ်တဲ့ သားသမီးတွေလည်း ရှိပါတယ်။ ဂျာမနီမှာဆိုရင် ဒီနေ့ကို Vatertag (အဖေနေ့) လို့ခေါ်ပေမယ့် Männertag (ယောက်ျားများနေ့) လို့သာ လူသိများပါတယ်။
တချို့ဒေသတွေမှာဆိုရင် အဖေနေ့ရောက်ရင် နီးစပ်ရာသစ်တောအုပ်တွေဆီသွားပြီးတော့ ဘီယာ၊ အသားကင်၊ ဝိုင်တွေနဲ့ သောက်စားပျော်ပါးတတ်ကြပါတယ်။ ဒီအချိန်ရောက်ရင် အလွန်အကျွံသောက်စားတတ်ကြတာ ထုံးစံလိုဖြစ်နေပြီး ဒီရက်မှာ ယာဉ်မတော်တဆမှုတွေလည်း အဖြစ်များတတ်ကြပါတယ်။
အဖေနေ့ကို သတ်မှတ်ထားတာကလည်း နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွဲလွဲမှုရှိပါတယ်။ တရုတ်မှာဆိုရင် သြဂုတ်လ၊ ၈ ရက်နေ့ကို အဖေနေ့အဖြစ် သတ်မှတ်ထားပါတယ်။ တရုတ်လို ၈ ကို “ba” လို့ခေါ်ပြီးတော့ အဖေကို “baBa” လို့ခေါ်ပါတယ်။
ဒါကြောင့်မို့ ရှစ်လပိုင်းရှစ်ရက်နေ့က တရုတ်စကား ဖေဖေနဲ့အသံထွက်ခြင်းဆင်တူပါတယ်။ အမေရိကန်နဲ့အင်္ဂလန်မှာတော့ အဖေနေ့ကို ဂျွန်လ၊ တတိယပတ်၊ တနင်္ဂနွေနေ့ကို တညီတညွတ်တည်း သတ်မှတ်ထားကြပါတယ်။
ဘယ်သူမဆို အဖေ့ကိုမပြောဖြစ်၊ မပြောရဲခဲ့တဲ့စကားတွေ ရင်ထဲမှာရှိမှာပါ။ အဖေတွေကိုယ်တိုင်က သူတို့ရဲ့အချစ်တွေကို ထုတ်ပြဖို့ဝန်လေးတတ်တဲ့သူတွေဆိုတာကို ကျွန်တော်တို့နားလည်ပေးသင့်ပါတယ်။
အဖေနဲ့ပက်သက်ပြီး ရင်ထဲမှာသိမ်းထားတဲ့အရာတွေရှိရင် ဒီနေ့ဟာ ဖွင့်ချဖို့အကောင်းဆုံး အချိန်ပါ။ လူချင်းမပြောရဲရင်လည်း Facebook ကြီးရှိတာပဲ မဟုတ်လား။
Credit \\ original