ညောင်လေးပင်မြို့တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် မြို့ပေါ်ရပ်ကွက်ရှိ အိမ် ၈၀ ခန်နှင့် သစ်ပင်များ ပြိုကျပျက်စီး
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် ဇူလိုင် ၈ ရက် နံနက်ပိုင်းက လေးပြင်း တိုက်ခတ်ခြင်းကြောင့် လူနေအိမ်ခြေ ၈၀ ခန့် ပြိုကျ ပျက်စီးမှု ဖြစ်ပွားခဲ့ပြီး သစ်ပင်များ ကျိုး၍လဲကျခြင်း၊ လူနေအိမ်ပေါ် လဲကျခြင်းများ ဖြစ်ပွားခဲ့ကြောင်း ညောင်လေးပင်မြို့နေ ပြည်သူများထံမှသိရသည်။
လေပြင်းတိုက်ခတ်ချိန်မှာ နံနက် ၉ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ပြီး ကြာမြင့်ချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့သော်လည်း ညောင်လေးပင် မြို့မ(၁)ရပ်ကွက်၊ အညာစု တိုးချဲကွက်သစ်မှ လူနေအိမ်ခြေအဆောက်အဦး ၈၀ ဝန်းကျင်ခန့်တို့ ပြိုကျ ပျက်စီးမှုဖြစ်ပွား၍ သစ်ပင်များ ကျိုး၍လဲကျခြင်းကြောင့် လူနေအိမ်ခြေများပေါ်ပိကာ အိမ်ခြေများ ပြိုကျ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း လေပြင်းတိုက်ခတ်မှုဖြစ်ပွား၍ လူနေအိမ်ခြေများ ပြိုကျပျက်စီးမှု အနည်းငယ်ဖြစ်ပွားခဲ့သဖြင့် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများက စာရင်းကောက်ယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ် မီးသတ်ဦးစီးမှူး က “လေပြင်းတိုက်ခတ်မှုကြောင့်ပေါ့နော် ။ ဒီ ညောင်လေးပင်မြို့မ(၁) ရပ်ကွက် အများစုမှာရှိတဲ့ အိမ်ခြေတွေနဲ့လမ်းတွေပေါ်မှာ သစ်ပင်တွေ
လဲတယ်၊ အဲ့ဒါကိုကျွန်တော်တို့ဆီက ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်အင်အားတွေနဲ့ကျွန်တော်တို့ဆောင်ရွက်ပေးထားပါတယ်၊ အိမ်ခြေကတော့ လောလောဆယ် စာရင်းကောက်တုန်းပဲ၊ အတိအကျသိရင်တော့ ပြန်ပြောပေးပါမယ်၊ လောလောဆယ်တော့ ကျွန်တော်တို့တပ်ဖွဲ့ဝင်အင်အားတွေနဲ့လာပြီးတော့ ရှင်းလင်းခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်” ဟု ပြောကြားသည်။
လတ်တလောတွင် မြို့နယ်အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းဖြစ်သည့် ခမရ ၂၀ မှ တပ်မတော်သားများနှင့် မြို့ပေါ် ပရဟိတအသင်းအဖွဲ့များမှ ညောင်လေးပင်မြို့ပေါ် ရပ်ကွက်အတွင်းရှိ လဲကျပျက်စီးနေသောသစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပြိုကျပျက်စီးသွားသော လူနေအိမ်များမှ မိသားစုများအား ကူညီဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်းနှင့် ထိုကဲ့သို့ လေပြင်း တိုက်ခတ်ခြင်းကြောင့် လူနေအိမ်အဆောက်အဦးများ ပြိုကျခြင်း၊ သစ်ပင်များ လဲကျမှုဖြစ်ပွားခဲ့သော်လည်း လူနှင့်တိရိစ်ဆာန်များအား ထိခိုက်မှု မရှိသေးကြောင်း၊ လူနေရန်မဖြစ်တော့သော နေအိမ်များမှ မိသားစုများအား နီးစပ်ရာနေရာများသို့ ယာယီရွှေ့ပြောင်း နေရာချထားပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit – eleven


