တောနက်ကြီးတွေထဲက ကြီးမားထူးဆန်းလှတဲ့ ကြောက်မက်ဖွယ်အပင်ကြီးများ





ကမ္ဘာလောကကြီးထဲ မှီတင်းနေထိုင်ကြတဲ့ အပင်တွေ၊ သတ္တ၀ါတွေဟာ ဆန်းကြယ်လှပါတယ်။ ထူးဆန်းတဲ့ အပင်မျိုးစိတ်တွေဟာလည်း တောကြီးမျက်မည်းထဲမှာ အများကြီးရှိနေပါတယ်။ အခုဖော်ပြပေးမှာကတော့ အံ့သြစရာကောင်းလောက်တဲ့ အရွယ်အစားနဲ့ ထူးခြားတဲ့ ပုံပန်းသဏ္ဍာန်ကိုယ်စီရှိကြတဲ့ အပင်မျိုးစိတ်တွေအကြောင်းပဲ ဖြစ်ပါတယ်။


Rafflesia Arnoldii

Shutterstock/Mazur Travel
Rafflesia arnoldii ဟာ ကမ္ဘာ့အကြီးဆုံး တစ်ပွင့်တည်းပွင့်လေ့ရှိတဲ့ ပန်းပွင့်ကြီးဖြစ်ပါတယ်။ လူသေအလောင်းပန်းထက်စာရင်တော့ အတန်ငယ်အရွယ်သေးပါတယ်။ ဒီပန်းပွင့်ကြီးတွေကို အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရဲ့ သစ်တောတွေမှာ တွေ့ရတတ်ပါတယ်။ ပန်းပွင့်ကြီးတွေဟာ (၃) ပေအမြင့်အထိ ကြီးထွားနိုင်ပါတယ်။ လူသေအလောင်းပန်းလိုပဲ မသတီစရာ၊ မနှစ်မြို့စရာကောင်းတဲ့ အနံ့ကို လွှင့်ထုတ်ပေးပါတယ်။ ပန်းပွင့်ကြီးတွေမှာ ဖို၊မ မျိုးပွားစနစ်(၂) ခုလုံး ပါရှိပါတယ်။

Hydnellum Peckii

Shutterstock/Lorenzo Martinelli
သူကတော့ မှိုပင်တစ်မျိုးဖြစ်ပြီး မျက်နှာပြင်ပေါ်ကို သွေး ဒါမှမဟုတ် ဖျော်ရည်နဲ့တူတဲ့ အနီရောင်အရည်တွေကို ထုတ်လုပ်ပါတယ်။ Bleeding tooth fungus လို့လည်း လူတွေသိကြပါတယ်။ ထူးခြားတဲ့ ဒီမှိုပင်ကို မြောက်အမေရိကနဲ့ ဥရောပတစ်လွှားမှာ တွေ့ရတတ်ပါတယ်။ မှိုပင်ကို စားလို့ရပေမယ့် သူ့အပေါ်က သွေးလိုလို အရည်တွေကတော့ တော်တော်လေးခါးပါတယ်။ အနံ့လည်း ဆိုးပါတယ်။ မှိုပင်က ထွက်တဲ့အရည်ရဲ့အရောင်ဟာ လိမ္မော်ရောင်၊ ပန်းရောင်တွေလည်း ရှိနိုင်ပါတယ်။


White Baneberry

Shutterstock/Alex Polo

ဒီအပင်ကို မြောက်အမေရိကသစ်တောတွေထဲမှာ တွေ့ရတတ်ပါတယ်။ အပင်ကသီးတဲ့ အသီးတွေရဲ့ ထူးခြားတဲ့ပုံစံကြောင့် အရုပ်မျက်လုံးပင်လို့လည်း ခေါ်ပါတယ်။ အပင်ဟာ စင်တီမီတာအရှည်(၆၀)  ရှိနိုင်ပြီး အရွက်အနည်းငယ်သာ ပါဝင်ပါတယ်။ အပင်ရဲ့ ထူထဲတဲ့အနီရောင်ပင်စည်တွေကတော့ မျက်စိပသာဒဖြစ်စရာပါပဲ။ အပင်က ပွင့်တဲ့ပန်းပွင့်လေးတွေကလည်း ခပ်သေးသေးလေးတွေပါပဲ။ (၆) မီလီမီတာလောက်သာ ရှိပါတယ်။ ဒါပေမယ့် အရုပ်မျက်လုံးလို့ခေါ်ပြီး အဖြူရောင်မှာ အနက်ဆံလေးတွေနဲ့ အသီးတွေဟာ အဆိပ်ရှိပါတယ်။

Pelican flower

Shutterstock/goldenjack
အမေရိကန်အလယ်ပိုင်းနဲ့ မြေထဲပင်လယ်ဘက်မှာ တွေ့ရတဲ့အပင်မျိုးစိတ်ဖြစ်ပါတယ်။ အပင်ရဲ့ နွယ်တစ်လျှောက်မှာဆိုရင် ခရာသဏ္ဍာန်ရှိတဲ့ ပန်းပွင့်ကြီးတွေကို ဖူးပွင့်စေပါတယ်။ ၄င်းပန်းပွင့်ကြီးတစ်ပွင့်ကို လေမှုတ်သွင်းလိုက်ရင် အနံ(၂၀) စင်တီမီတာနဲ့ အလျား(၆၀) စင်တီမီတာအထိ ကျယ်ပြန့်နိုင်ပါတယ်။ ပန်းပွင့်ကြီးတွေက လီလီပန်းတွေနဲ့ တူပေမယ့် အနံ့ကတော့ မချိုလှပါဘူး။ အသားပုပ်အနံ့လိုမျိုး ပုပ်အဲ့အဲ့အနံ့လွှတ်ပြီး အင်းဆက်ပိုးမွှားတွေကို ဆွဲဆောင်ကာ ၀တ်မှုန်ကူးစေပါတယ်။ ပန်းတစ်ခါပွင့်ရင်တော့ (၂) ရက်ပဲ ကြာရှည်ခံပါတယ်။


Star fish cactus

Shutterstock/ IvanaJankovic
ကြယ်ငါးကန္တာရပင်လို့ သိကြတဲ့ Star fish cactus ဟာ ကြံ့ခိုင်တဲ့ အပင်မျိုးဖြစ်ပြီး တောင်အာဖရိကမှာ မျိုးရင်း ဖြစ်ပါတယ်။ အပင်ဟာ ကြယ်သဏ္ဍာန် ကြီးမားကျယ်ပြန့်လွန်းတဲ့ ပန်းပွင့်တွေကို ဖူးပွင့်စေပါတယ်။ ပန်းပွင့်ကြီးတွေကတော့ (၃၀) စင်တီမီတာလောက်ထိ အကျယ်ရှိနိုင်ပါတယ်။ နွေရာသီနှောင်းပိုင်းနဲ့ ဆောင်းဦးရာသီတွေမှာ ကြိုကျားကြိုကျား ဖူးပွင့်ပါတယ်။ ပန်းပွင့်တွေဟာ အလယ်မှာ ခရမ်းရောင်ရှိပြီး အမွှေးအမျှင်တွေ ထူထပ်စွာနဲ့ ပေါက်ရောက်တတ်ပါတယ်။ သူကလည်း အော်ဂလီဆန်ချင်စရာကောင်းတဲ့ အနံ့မျိုးကို ထုတ်လွှတ်တာပါပဲ။ သတ္တ၀ါတွေကို ဖြားယောင်းတဲ့အနေနဲ့ တိရစ္ဆာန်တွေပုပ်သိုးဆွေးမြေ့နေတဲ့ အနံ့မျိုးကို အပင်ဟာ အတုလုပ်လွှင့်ထုတ်ပြီး ၀တ်မှုန်ကူးစေတာ ဖြစ်ပါတယ်။

Credit  \\  original


Recent Updates

Recent Posts Widget