လူငယ်တွေအနေနဲ့ နိုင်ငံကို ချစ်စေချင်တယ်ဆိုတဲ့ ခင်နှင်းကြည်သာ
စာတွေလည်း ရေးရင်း ပရိသတ်တွေ အားပေးမှုကို ရရှိထားသလို ပရဟိတလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်နေတာကြောင့် လူအများရဲ့ လေးစားအားကျမှုတွေကို ခံနေရတဲ့စာရေးဆရာမ ခင်နှင်းကြည်သာကတော့ လူငယ်တွေ အနေနဲ့ နိုင်ငံကိုချစ်တဲ့စိတ်နဲ့ ပရဟိတတွေ လုပ်လာဖို့ကို မျှော်လင့်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။
စာရေးဆရာမ ခင်နှင်းကြည်သာက “ဒီပန်းဒေါင်းကို ရိုက်မယ်ဆိုတော့လေ ညီမလေးက အစ်မနဲ့ လာတွေ့တယ်။ အစ်မသွားနေတဲ့ ဒေသတွေ အစ်မကလေးတွေနဲ့ ဘယ်လိုစကားပြောကြလဲ အချိတ်အဆက်တွေ ရှိသလဲဆိုတာကို အစ်မနဲ့ အတူတူ ခရီးတွေ ထွက်တယ် လေ့လာတယ်။ ပြီးတော့ အစ်မက တောတွေတောင်တွေ ထဲမှာ သွားတဲ့အခါကျရင် ဝတ်တဲ့ ပုံစံမျိုးပေါ့ အဲ့တာကို ညီမလေးက လိုက်ကြည့်တယ်။ အဲ့တာလေးတွေကို လေ့လာတယ် နောက်တစ်ခုက ဒီဇာတ်ကားရိုက်မယ်ဆိုတဲ့ တစ်လျှောက်လုံး ဇာတ်ညွှန်းပိုင်းဆိုင်ရာမှာ ဆရာရောအစ်မရော ရိုက်မယ့်ဒါရိုက်တာတွေရော စကားပြောဖြစ်တာတွေရှိပါတယ်။ အများကြီးပေါ့နော် အစ်မတို့ကျတော့ လူတွေကို ချပြမယ့်တစ်ခုမှာ နည်းနည်းလွဲသွားတယ်ဆိုရင် ဒီလိုကြီးမှာ လွဲသွားတယ်ဖြစ်မှာဆိုးလို့ အစ်မနားလည်သလောက် အစ်မလည်း အဲ့ဒီအပိုင်းကမဟုတ်တော့ အများကြီး နားမလည်ဘူး။ ကိုယ်နိုင်သလောက်တော့ ကူညီပေးခဲ့တယ်။
ဒါက အစ်မရဲ့ Biography တော့မဟုတ်ဘူးပေါ့နော်။ ပရဟိတတွေကသာ အစ်မ ဒီထဲက အကြောင်းအရာအကုန်လုံးက အစ်မ မဟုတ်ဘူး။ အစ်မတို့လုပ်နေတဲ့ ပရဟိတကပေါ့နော် လူငယ် လေးတွေက ကိုယ်နိုင်ရာ နိုင်ရာကို နိုင်ငံအတွက် ကူညီပေးနေတယ် ဒါလေးတွေက ဒီလိုလေးတွေ ရှိပါလားဆိုတာကို ချပြရတဲ့အတွက် အဲ့လိုလူငယ်လေးတွေထွက်လာမယ်။ နောက်တစ်ခါနိုင်ငံကို ပိုချစ်လာကြမယ်ပေါ့။ အဲ့တာလေးကိုပဲ အစ်မ မျှော်လင့်ထားတယ်။ ကိုယ့်အကြောင်းကြီး ရိုက်လို့တာထက် ဒီလိုရိုက်လိုက်လို့ တစ်ခုခုလေးများ လူငယ်တွေရဲ့ စိတ်ထဲမှာ အစ်မမျှော်လင့်ထားတယ်။”လို့ ပြောသွားခဲ့ပါတယ်။
လက်ရှိမှာလုပ်နေတဲ့ ပရဟိတ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး “အစ်မနောက်ပိုင်းတွေမှာ ပညာရေးကို ပိုပြီး အားစိုက်ချင်တယ်။ အဓိက အစ်မတို့က ကလေးတွေအတွက် လိုအပ်တဲ့ သင်ထောက်ကူဖြစ်တဲ့ ကျောင်းတွေ ထိုင်ခုံတွေ သင်ထောက်ကူပစ္စည်းတွေ ဖြည့်ဆည်းပေးပြီးသွားပြီ။ ဒီသင်ထောက်ကူတွေ ရှိနေပေမယ့်လည်း ကလေးငယ်တွေအတွက် ပညာရေးဆိုတာက သင်ထောက်ကူ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ဆိုတော့ သူတို့တွေရဲ့ အာဟာရပိုင်းတွေ နောက်တစ်ခုက သူတို့တွေအတွက် လိုအပ်နေတဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာတွေပေါ့နော် အဲ့တာတွေကို အစ်မတို့ အများဆုံး ဖြည့်ဆည်းမယ်။ ဖြည့်ဆည်းပြီးတော့ သူတို့တွေ ပညာရေးနဲ့ ပတ်သက်လို့ တကယ်ကို လိုလိုလားလား ဖြစ်ပြီးတော့ တကယ်သူတို့ဘက်က ကြိုးစားချင်တဲ့ စိတ်ပေါ့နော်။ အခုကျတော့ ပတ်ဝန်းကျင်ကတော့ အရမ်းလုပ်ပေးတယ် ဒါပေမဲ့ သူတို့ကိုယ်တိုင်မကြိုးစားဘူးဖြစ်နေတယ်။ အစ်မတို့သူတို့ ကိုယ်တိုင် ကြိုးစားတဲ့နေရာကို ရောက်ပြီဆိုရင် နှစ်ဦးနှစ်ဖက်ဆို ပိုမြန်မယ်လို့ အစ်မ မျှော်လင့်တယ်။ ဒီ၂၀၁၉ထဲမှာတော့ အဲ့တာကိုပဲ ဦးစိုက်ပြီး မျှော်လင့်ထားတယ်။
အစ်မက ဒေသနဲ့တော့ မခွဲခြားထားဘူး အဓိကတော့ တကယ်ကြိုးစားချင်တဲ့ ကလေးတွေဆီကို အစ်မရောက်အောင်သွားမယ် အဲ့တာကတော့ တောင်းတန်းတွေပဲ ဖြတ်ရမလား ပင်လယ်တွေပဲ ကျော်ရမလား ဘယ်ဒေသက ဘယ်လိုကလေးတွေ ရှိမလဲ မသိဘူး။ တကယ်ကြိုးစားချင်စိတ်ရှိတဲ့ ကလေးတွေ ရှိရင်တော့ အဲ့နေရာကို ဘယ်လောက် ခက်ခက်သွားမှာပါ။” လို့ ပြောသွားခဲ့ပါတယ်။
စာရေးကြဲသွားတာနဲ့ ပတ်သက်ပြီးတော့ ခင်နှင်းကြည်သာက “စာရေးတာ ကြဲသွားတယ်ဆိုတာက ဘယ်လိုပြောရမလဲ ခရီးသွားရတာ ပိုများတယ်။ နောက်တစ်ခုက အလုပ်ပိုများတာပေါ့နော် မြန်မာနိုင်ငံ အနှံ့သွားရတာဆိုတော့ မနားရတာ ရှိတယ် မနားရတဲ့အခါကျတော့ စိတ်က မကြည်ဘူး မကြည်တဲ့အခါမှာ စာရေးရင် မထိရောက်မှာလည်း ဆိုးတယ်။ ကိုယ်ကိုယ်တိုင် တကယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်ကိုပဲ ရေးချင်တယ်။ အဲ့လိုကြီး ဖတ်တဲ့သူတွေရှိတယ်ငါရေးရမယ်ဆိုတာကြီး တာဝန်ကြီး တစ်ရပ်နဲ့ မရေးချင်ဘူး။ တကယ့်စိတ်ထဲက ခံစားချက်ကိုပဲ ရေးချင်တယ်။ အဲ့ခံစားချက်လေးတွေကိုလည်း ပိုစောင့်ဖြစ်တာ ပါပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။






