နာဆာမှာ အထူးဆန်းဆုံး တာဝန်တစ်မျိုးကို ထမ်းဆောင်နေတဲ့ ပညာရှင်ကြီး





သူရဲကောင်းတိုင်းက ဝတ်ရုံရှည် ဝတ်ထားကြတာ မဟုတ်ဘူးဆိုတဲ့ စကားရှိပါတယ်။ ဒီလိုပဲ နာဆာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှာ အလုပ်လုပ်သူတိုင်းလည်း အာကာသယာဉ်မှူး ဝတ်စုံ ဝတ်ထားကြတာ မဟုတ်ပါဘူး။ အခုတစ်ခါမှာတော့ နာဆာရဲ့ Nasalnauts လို့ နာမည်ပြောင် ခေါ်ကြတဲ့ ပညာရှိကြီးတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။


ဂျော့ဂ်ျ အဲလ်ဒရစ်ခ်ျကတော့ နာဆာမှာ နှစ်ပေါင်း(၄၀)ကျော် တာဝန်ထမ်းဆောင်လာတဲ့ ဓာတုဗေဒ ပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ သူဟာ မကြာသေးမီက သူ့ရဲ့ Reddit အကောင့်မှာ သိလိုရာမေး အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီ့ကတစ်ဆင့် သူ့ရဲ့ နာဆာက အလုပ်အကြောင်းကို သိခွင့်ရခဲ့ကြပါတယ်။ တကယ်တော့ သူဟာ နာဆာရဲ့ အနံ့ စစ်ဆေးအကဲဖြတ်သူတစ်ဦးပါ။

“ကျွန်တော်တို့ဟာ နာဆာမှာ ရှိတဲ့ အာကာသယာဉ်မှူးတွေအတွက် တစ်စုံတစ်ရာ အနှောင့်အယှက် ဖြစ်စေမယ့် အနံ့မျိုးတွေ မရှိဖို့ အရေး အာကာသယာဉ်အတွင်းရှိ အရာဝတ္ထုမှန်သမျှရဲ့ အနံ့တွေကို စစ်ဆေးပေးရပါတယ်” လို့ သူ့ရဲ့ သိလိုရာ မေး ကဏ္ဍလေးမှာ ဂျော့ဂ်ျက ဖြေထားခဲ့ပါတယ်။ သူဟာ အနံ့ခံ စစ်ဆေးမှု မစ်ရှင်ပေါင်း ၈၅၁ ခုကိုလည်း ဆောင်ရွက်ဖူးပြီးဖြစ်ပါတယ်။ ဟုတ်ပါတယ်။ သူ့အကြောင်းကို အခုလို သိရတဲ့အခါ မေးခွန်းတွေ ခေါင်းထဲ ရောက်လာကြမှာပါ။ အနံ့ခံဖို့ တစ်ခုတည်းအတွက် ပညာရှင်? ဒါဆို သူ့ ရာထူးနာမည်ကရော?


နာဆာကတော့ သူ့ကို အနံ့ခံအချုပ်/အနံ့ခံခေါင်းဆောင်လို့ ခေါ်တဲ့ ရာထူးကို ပေးထားပါတယ်။ ဂျော့ဂ်ျကတော့ ပိုချစ်စရာကောင်းတဲ့ နာမည်ကို လိုချင်တာကြောင့် အာကသယာဉ်မှူး (astronaut) နဲ့ နှာခေါင်းနဲ့ ဆိုင်တယ်ဆိုတဲ့ (nasal) တို့ကို ပေါင်းထားတဲ့ nasalnaut ဆိုတဲ့ နာမည်ကို ခံယူထားပါတယ်။ သူ့ကို အနံ့ခံ ဆရာကြီး၊ နာဆာရဲ့ နှာခေါင်း စတဲ့ နာမည်ပြောင်တွေကိုလည်း ပေးထားကြပါသေးတယ်။ မည်သို့ပင်ဆိုစေ သူ့တာဝန်ကတော့ ပေါ့သေးသေးမဟုတ်ပါဘူး။ အာကသယာဉ်ထဲမှာ မသင်္ကာစရာ အနံ့က ဒီအတိုင်း ပြီးပျောက်သွားတာ မဟုတ်ပါဘူး။ ပြေးစရာနေရာလည်း မရှိတာကြောင့် တစ်ခုခုလွဲမှားရင် အသက်ပင် သေနိုင်ပါတယ်။ ဒါကြောင့် ဂျော့ဂ်ျဟာ အန္တရာယ်ရှိတဲ့ အနံ့နဲ့ ဂတ်စ်တို့ ရှိ မရှိ စစ်ဆေးရရုံတင်ပဲ မဟုတ်ဘဲ အနံ့မှန်သမျှကို စစ်ဆေးရတာပါ။

အာကာသယာဉ်တွေ မထွက်ခွာခင် ဂျော့ဂ်ျအပါအဝင် အနံ့ခံ ပညာရှင် (၅) ယောက်က ပစ္စည်းတွေကို အနံ့ခံ စစ်ဆေးပေးရပြီး အနံ့အဆင့်သတ်မှတ်ချက်တွေကို (၀) မှ (၄) အထိ သတ်မှတ်ထားပါတယ်။ (၂.၅) ထက်ကျော်တဲ့ ပစ္စည်းတိုင်းကို အာကာသယာဉ်ထဲ ထည့်ပေးလိုက်ဖို့ မသင့်တော်ဘူးလို့ သတ်မှတ်ကြပါတယ်။ အနံ့ခံစစ်ဆေးမှုဟာ (၁၉၆၇) ခုနှစ်တုန်းက Apollo-Saturn မစ်ရှင်ပြီးနောက် စခဲ့တာဖြစ်ပါတယ်။ ထွက်ခွာမှု အစမ်းလေ့ကျင့်ရာမှာတင် ယာဉ်ထဲ မီးလောင်မှု ဖြစ်ပွားပြီး အာကာသယာဉ်မှူး သုံးဦး သေဆုံးခဲ့တာကြောင့်ပါ။

Credit  \  original

Recent Updates

Recent Posts Widget