“သင့်ကလေး စမတ်ကျကျကြီးပြင်းလာစေဖို့ အသက် ၁၀ နှစ်မပြည့်ခင် ဒါတွေသင်ပေးထားပါ”
သင့်ကလေး စမတ်ကျကျကြီးပြင်းလာစေဖို့ အသက် ၁၀ နှစ်မပြည့်ခင် ဒါတွေသင်ပေးထားပါ …..
ကလေးငယ်တွေကို မိဘတွေကနေ ဘယ်လောက်ပဲချစ်ပြီး ရင်အုပ်မကွာ စောင့်ရှောက်ချင်ပေမယ့် သူတို့ကိုယ်တိုင် ကြုံတွေ့ရင်ဆိုင်ရမယ့် အဖြစ်အပျက်တွေ၊ သူတို့ကိုယ်တိုင် ဖြေရှင်းရမယ့် ပြဿနာလေးတွေ ရှိပါတယ်။
ကလေးတစ်ယောက်အနေနဲ့ ကြီးမားတဲ့အခက်အခဲမျိုး ရှိချင်မှရှိမယ်ဆိုပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ အခက်အခဲဆိုတာကို သေချာပေါက် ရင်ဆိုင်ရမှာပါ။
အဲ့ဒီတော့ သင့်ကလေးကို တကယ်ချစ်တယ်ဆိုရင် သူ အန္တရာယ်ကင်းအောင်၊ သူ့ဘ၀မှာ စမတ်ကျကျ ရှင်သန်နေနိုင်အောင် အသက် ၁၀ နှစ်မပြည့်ခင်မှာ ဒီအချက်လေးတွေကို မဖြစ်မနေ သင်ကြားပေးသင့်ပါတယ် နော် …..
(၁) မိဘတွေရဲ့ဖုန်းနံပါတ်နဲ့ လိပ်စာကို အလွတ်ရနေပါစေ ”
ကလေးက ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် မိဘတွေနဲ့မိသားစုဝင်တွေရဲ့ နာမည်တွေ၊ အိမ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို ကောင်းကောင်းပြောပြတတ်အောင် သင်ထားပေးသင့်ပါတယ် …။
(၂) မြေပုံကြည့်တတ်အောင် သင်ပေးပါ ”
အသက် ၁၀နှစ်မပြည့်သေးတဲ့ အရွယ်လေးက မြေပုံ မကြည့်တတ်လောက်ဘူးလို့ အထင်မသေးလိုက်ပါနဲ့။ မြေပုံဆွဲထားတဲ့ပုံစံနဲ့ ကြည့်တဲ့ သဘောသဘာဝတွေကို အရှင်းဆုံးနည်းလေးတွေနဲ့ သင်ပေးလို့ရပါတယ်။ အရပ်မျက်နှာခွဲနိုင်အောင်၊ ဘယ် ၊ ညာ ခွဲခြားတတ်အောင် တစ်ခါတည်း သင်ပေးပါ …။
(၃) ပိုက်ဆံစုတတ်အောင် သင်ပေးပါ ”
ကလေးတွေကို ပိုက်ဆံပေးသုံးတာမကောင်းဘူးလို့ ထင်ပြီး ပိုက်ဆံ လုံးဝမပေးတာမျိုးက မှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ သူတို့တွေ ကျောင်းမှာ ဂဏန်းသင်္ချာကို သင်ရပြီဆိုတာနဲ့ ပိုက်ဆံပေးလို့ရပါပြီ။ ဒါပေမယ့် မိဘတွေမပါဘဲ ပိုက်ဆံပေးပြီး တစ်ယောက်တည်း လွတ်လိုက်တာမျိုးတော့ မလုပ်ပါနဲ့။ သူတို့ကို ပိုက်ဆံပေးပြီး အဲ့ဒါက သူတို့ရဲ့ဝင်ငွေဖြစ်တယ်။ အဲ့ဒါကို စုထားရင် ပမာဏများလာမယ်ဆိုတာကို သင်ကြားပေးသင့်ပါတယ်နော် …။
(၄) ငွေကြေးနဲ့ပတ်သက်လို့ တွက်ချက်တတ်အောင် သင်ပေးပါ ”
ကျောင်းမှာ သင်္ချာသင်ပြီဆိုရင် သူတို့ကို ငွေကြေးအတွက်အချက်လေးတွေ သင်ပေးလို့ရပါပြီ။ ၁၀ နှစ်မပြည့်ခင်အရွယ်မှာ ငွေကြေးအတွက်အချက်တွေ သိနေဖို့ လိုအပ်ပါတယ် …။
(၅) သန့်ရှင်းရေးလုပ်ခိုင်းပါ ”
သူတို့နေတဲ့အခန်းကို သူတို့ကိုယ်တိုင်သန့်ရှင်းရေး လုပ်တတ်အောင် သင်ပေးပါ။ အဲ့လိုသင်ပေးလိုက်တဲ့အခါ သန့်ရှင်းရေး ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းသိသွားပြီး ပစ္စည်းတွေကိုလည်း အရမ်းကာရောမဖွတော့ဘဲ စည်းကမ်းရှိလာပါလိမ့်မယ် …။
(၆) တစ်ကိုယ်ရည်သန့်ရှင်းရေး ကိုယ်တိုင်လုပ်ခိုင်းပါ ”
မေမေတွေက ကလေးတွေရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို သူတို့ ကိုယ်တိုင်လုပ်ပေးရမှ ကျေနပ်ကြတာပါ။တကယ်တော့ ကလေးတစ်ယောက်က သူကိုယ်တိုင်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ကောင်းကောင်းလုပ်နိုင်တာကြောင့် ၁၀နှစ်မပြည့်ခင်မှာကတည်းက လုပ်ခိုင်းသင့်ပါတယ် …။
(၇) တစ်ယောက်တည်းနေတတ်အောင်လေ့ကျင့်ပေးပါ ”
တစ်ယောက်တည်းနေတတ်အောင်ဆိုတာက သူတို့ကို အဖော်လုပ်ပေးမယ့်သူမရှိတောင် ၊ တစ်ယောက်တည်းစာဖတ်နေတာ၊ ပုံဆွဲနေတာ၊ ကစားနေတာမျိုး ၊ ကိုယ့်တစ်ယောက်တည်းလည်း ပျော်တတ်အောင် လေ့ကျင့်ပေးဖို့ပြောတာပါ။ အဲ့ဒီလိုနေတတ်သွားရင် အသက်ကြီးလာတဲ့အခါ သူ့အတွက် ပိုအဆင်ပြေစေမှာပါ …။
(၈) ယဉ်ကျေးအောင်သင်ပေးပါ ”
အပြောအဆို၊ အမူအရာလေးတွေ ယဉ်ကျေးအောင် ၊ စိတ်ကောင်းထားတတ်အောင် သင်ပေးပါ။ ဒီလိုကလေးအရွယ်မှာ သင်ပေးထားတဲ့ အရာလေးတွေက သူအသက်ကြီးတဲ့အထိ စိတ်ထဲစွဲနေပြီး ကြမ်းတမ်းတဲ့လူကြီးတစ်ယောက်ဖြစ်မသွားအောင် တားဆီးပေးနိုင်ပါတယ် …။
(၉) ရာသီဥတုနဲ့လိုက်ဖက်ညီအောင် ၀တ်စားတတ်ပါစေ ”
ရာသီဥတုနဲ့ကိုက်ညီတဲ့ အ၀တ်အစားလေးတွေကို ၀တ်တတ်အောင် သင်ပေးတာက သူတို့ကိုယ်သူတို့ ဂရုစိုက်တတ်ဖို့ အခြေခံကျတဲ့အချက်ပါ။ အပူချိန်ပြောင်းလဲမှုနဲ့ လိုက်ပြီး သင့်တော်တဲ့ အ၀တ်အစားလေးတွေ ၀တ်တတ်အောင် သင်ပေးသင့်ပါတယ် …။
(၁၀) စက်ဘီးစီးသင်ပေးပါ ”
စက်ဘီးစီးသင်တယ်ဆိုတာ ကလေးငယ်တွေအတွက် အခက်အခဲကို အရှုံးမပေးဘဲ အောင်မြင်အောင်လုပ်ဖို့ တွန်းအားပေးလိုက်သလိုပါပဲ။ ပြီးတော့ စက်ဘီးစီးတာက ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ကလေးအရွယ်အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်တာကြောင့် သင့်ကလေးသန်မာအောင် စက်ဘီးစီးသင်ပေးပါ …။
(၁၁) အပင် ဒါမှမဟုတ် တိရစ္ဆာန်လေးတွေကို စောင့်ရှောက်ခိုင်းပါ ”
ကလေးတွေကို တခြားအရာတွေအပေါ်မှာ တန်ဖိုးထားတတ်အောင်၊ စောင့်ရှောက်တတ်အောင် သင်ပေးမယ်ဆိုရင် သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုက အံ့မခန်းကောင်းမွန်လာမှာပါ။ ဒါကြောင့် သူတို့အတွက် ခွေးလေး၊ ကြောင်လေး၊ ငါးလေးတွေ မွေးပေးတာမျိုး ၊ အပင်စိုက်ပေးပြီး စောင့်ရှောက်ခိုင်းတာမျိုးလေးတွေ လုပ်ပေးပါ …။
(၁၂) ပြောရဲဆိုရဲရှိအောင် လေ့ကျင့်ပေးပါ ”
ကလေးတွေရဲ့ ပင်ကိုယ်သဘာဝက ပြောရဲဆိုရဲရှိပြီး မကြောက်တတ်ကြပါဘူး။ အေးအေးဆေးဆေး နေတတ်တဲ့ ဗီဇရှိတယ်ဆိုရင်တော့ ပြောချင်တာကို လွတ်လွတ်လပ်လပ်ပြောရဲတဲ့ သဘာဝရှိကြပါတယ်။ နောက်ပိုင်းမှာ လူကြီးတွေရဲ့ဟန့်တားမှုတွေနဲ့ တခြားအကြောင်းအမျိုးမျိုးကြောင့် ကြောက်တတ်ပြီး ၊ မပြောရဲမဆိုရဲ ဖြစ်သွားကြတာမျိုးပါ။ ဒါကြောင့် ကလေးတွေရဲ့ လွတ်လပ်ပွင့်လင်းတဲ့ သဘာဝကို ဟန့်တားတဲ့လုပ်ရပ်မျိုးတွေ မလုပ်မိအောင် သတိထားပြီး ပြောရဲဆိုရဲဖြစ်အောင်ပဲ လေ့ကျင့်ပေးပါ နော် … ။ ။
Credit \\ original




