အိန္ဒိယသို့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းကြီး ဗာယု ဝင်ရောက်၍ လူ ၆သန်းခန့်ကို သက်ရောက်ဖွယ်ရှိ
လူ ၃ သိန်းလောက်ကို ယာယီခိုလှုံရာ ဆိုင်ကလုန်းဒဏ်ခံ အဆောက်အအုံ ၇၀၀ ဆီသို့ တိမ်းရှောင်ရွှေ့ပြောင်းပေးထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရ အရာရှိက ဆိုသည်။
မုန်တိုင်းလမ်းကြောင်းပေါ်ရှိ ခရိုင်များတွင် ကျောင်းများ၊ ကောလိပ်များ၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများကို ပိတ်ထားပြီဟု အိန္ဒိယအရာရှိများက ပြောကြားသည်။
လေတိုက်နှုန်းတစ်နာရီလျှင် ကီလိုမီတာ ၁၂၀ ရှိသည့် ဗာယုမုန်တိုင်းသည် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်သော မုန်တိုင်းများတွင် ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံးဖြစ်သည်။
ပြီးခဲ့သည့်လပိုင်းကမှ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းကို အလွန်အားကောင်းသော ဆိုင်ကလုန်းဖာနီ ဝင်ရောက်သွားခဲ့သေးသည်။
ယခုဝင်ရောက်နေသည့် ဗာယုမုန်တိုင်းသည် စီးပွားရေးမြို့ မွန်ဘိုင်း၏ အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်မှ ဖြတ်သွားကာ ဂူဂျာရတ်ပြည်နယ်အတွင်း ဝင်ရောက်သွားမည်ဟု ခန့်မှန်းရသည်။
အမျိုးသားသဘာဝ ဘေးဒဏ်တုံ့ပြန်ရေးအဖွဲ့ ၃၉ ဖွဲ့ကို တစ်ဖွဲ့လျှင် အင်အား ၄၅ ဦးစီဖြင့် နေရာဖြန့်ချထားကာ ကယ်ဆယ်ရေး၊ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရန် အသင့်ပြင်ထားသည်ဟု ထုတ်ပြန်ထားသည်။
စစ်တပ်ဘက်ကလည်း တပ်စိတ် ၃၄ ခုဖြင့် အသင့်အနေအထား ပြင်ဆင်ထားသည်။
တနင်္လာနေ့တွင် စတင်ဖွဲ့စည်းလာသော ဗာယုမုန်တိုင်းသည် အင်္ဂါနေ့တွင် အားကောင်းလာပြီး ဟာရီကိန်းလောက် အားကောင်းလာခဲ့ကာ အဆင့် ၃ အထိ ရောက်ရှိလာခဲ့သည်။
အာရေဗီယန် ပင်လယ်ထဲအထိသွားမည့် အဆိုပါ မုန်တိုင်းဝင်ရောက်လာနေသည့် ဦးတည်ရာဂူဂျာရတ်ပြည်နယ်သည် ဟာရီကိန်းအဆင့် မုန်တိုင်းမဝင်သည်မှာ နှစ်ပေါင်း ၂၀ လောက် ရှိနေပြီဖြစ်သည်။
၁၉၉၈ ခုနှစ်က လေတိုက်နှုန်း တစ်နာရီလျှင် ၁၉၅ ကီလိုမီတာရှိ ဆိုင်ကလုန်း တစ်စင်း အဆိုပါဒေသကိုဝင်ခဲ့ဖူးရာ လူတစ်သောင်းနီးပါး သေဆုံးခဲ့ရဖူးသည်။
Credit \\ original


