“အေမရိကန္ ေမာင္းသူမဲ့ေလယာဥ္ကို ပစ္ခ်ျခင္းက ႀကီးမားတဲ့အမွားကို အီရန္လုပ္ေဆာင္ခဲ့မႈလို႔ ထရန႔္ေျပာ”
အီရန္ႏုိင္ငံက အေမရိကန္စစ္တပ္ရဲ႕ ေစာင့္ၾကည့္ေထာက္လွမ္းေရး ေမာင္းသူမဲ့ ေလယာဥ္တစ္စီးကုိ ပစ္ခ်ခဲ့မႈဟာ အမွားႀကီးတစ္ခု လုပ္ေဆာင္ခဲ့တာျဖစ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရန္႕က ယမန္ေန႕ (ဇြန္ ၂၀ ရက္) မွာ ေျပာၾကားလုိက္ပါတယ္။
ထုိျဖစ္ရပ္ေၾကာင့္ ယခင္ကတည္းက ဆက္ဆံေရးတင္းမာမႈေတြ ျမင့္တက္ေနခဲ့တဲ့ ႏွစ္ႏုိင္ငံၾကား ေရနံတင္သေဘၤာမ်ား ခုတ္ေမာင္းသြားလာမႈအမ်ားဆုံး ႏုိင္ငံတကာ ပင္လယ္ေရလမ္းေၾကာင္းမွာ ထိပ္တုိက္ေတြ႕ရန္ အနီးစပ္ဆုံး အေျခအေန ျဖစ္လာခဲ့ပါတယ္။ “သူတုိ႕ အလြန္ႀကီးတဲ့ အမွားကုိ လုပ္ခဲ့တာပဲ” လုိ႕ သမၼတထရန္႕က ဆုိပါတယ္။
သုိ႕ေသာ္ ယခုျဖစ္ရပ္ဟာ လူသားတစ္ဦးရဲ႕အမွားေၾကာင့္ ျဖစ္ႏုိင္ေၾကာင္းလည္း ထရန္႕က အိမ္ျဖဴေတာ္မွာ သတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။ “ဒါက ရည္႐ြယ္ခ်က္႐ွိ႐ွိ လုပ္ခဲ့တယ္ဆုိတာ ယုံဖုိ႕ခက္ပါတယ္၊ ဗုိလ္ခ်ဳပ္ႀကီးတစ္ေယာက္ ဒါမွမဟုတ္ တစ္စုံတစ္ေယာက္က အမွားလုပ္ခဲ့တာလို႕ ထင္ပါတယ္၊ စဥ္းစားဆင္ျခင္ဉာဏ္မ႐ွိတဲ့ တစ္စုံတစ္ေယာက္ ျဖစ္ႏုိင္တယ္” လို႕ အေမရိကန္သမၼတက ဆုိပါတယ္။
အေမရိကန္ ေမာင္းသူမဲ့ ေလယာဥ္တစ္စီးက ၎တုိ႕ ေလပုိင္နက္ကုိ က်ဴးေက်ာ္ဝင္ေရာက္လာမႈေၾကာင့္ ပစ္ခ်ခဲ့ေၾကာင္း ယမနေန႕မွာ ေျပာထားပါတယ္။ အေမရိကန္စစ္တပ္ကေတာ့ အီရန္ေလပိုင္နက္ထဲကုိ မေရာက္ခဲ့ေၾကာင္း ျငင္းဆုိထားပါတယ္။ ဇြန္လ ၂၀ ရက္ေန႕က အေမရိကန္ ေမာင္းသူမဲ့ေလယာဥ္ကုိ ပစ္ခ်ခဲ့မႈဟာ အီရန္အေနနဲ႕ မိမိတို႕ရဲ႕ နယ္နမိတ္ေတြကုိ ကာကြယ္သြားမယ္လုိ႕ ႐ွင္းလင္းတဲ့ သတင္းစကားပါးလိုက္ျခင္းျဖစ္ေၾကာင္း အီရန္ Revolutionary Guard တပ္ဖြဲ႕အႀကီးအကဲ Hossein Salami က ေျပာပါတယ္။
“ကၽြန္ေတာ္တုိ႕ စစ္ပြဲျဖစ္ဖုိ႕လုပ္ေနတာ မဟုတ္ေၾကာင္း ေၾကညာပါတယ္၊ ဒါေပမဲ့ ဘယ္စစ္ပြဲကုိမဆုိ တုံ႕ျပန္ဖုိ႕အတြက္ ကၽြန္ေတာ္တုိ႕ အသင့္ပါပဲ” လုိ႕ ၎က ျဖည့္စြက္ေျပာခဲ့ပါတယ္။ အီရန္ရဲ႕ Reolutionary Guard တပ္ဖြဲ႕က ေလပိုင္နက္က်ဴးေက်ာ္လာတဲ့ အေမရိကန္ထုတ္ Global Hawk ေစာင့္ၾကည့္ေထာက္လွမ္းေရး ေမာင္းသူမဲ့ ေလယာဥ္ကုိ Hormozgan ျပည္နယ္ ပင္လယ္ေရျပင္အထက္မွာ ပစ္ခ်လုိက္ေၾကာင္း ထုတ္ျပန္ထားပါတယ္။
အေမရိကန္ ပင္တဂြန္စစ္ဌာခ်ဳပ္ကေတာ့ ႏုိင္ငံတကာေလပိုင္နက္အတြင္းမွာ အေၾကာင္းမဲ့ တုိက္ခိုက္ခဲ့ေၾကာင္းျဖင့္ ႐ႈတ္ခ်လုိက္ပါတယ္။ ေျမျပင္မွေဝဟင္ပစ္ ဒုံးက်ည္ျဖင့္ ပစ္ခ်ခံခဲ့ရစဥ္ အဆုိပါ ေမာင္းသူမဲ့ ေလယာဥ္ဟာ အီရန္ပုိင္နက္မွ ၂၁ မုိင္အကြာမွာ ႐ွိေနခဲ့ေၾကာင္းလည္း ပင္တဂြန္က ေျပာပါတယ္။
မၾကာေသးမီကလည္း ပင္လယ္ေကြ႕အတြင္း ေရနံတင္သေဘၤာ တုိက္ခိုက္ခံရမႈျဖစ္ပြားခဲ့ၿပီး အေမရိကန္က အီရန္တပ္ဖြဲ႕ရဲ႕ လက္ခ်က္ျဖစ္ေၾကာင္း ေျပာခဲ့ေပမဲ့ အီရန္က ျငင္းဆုိထားခဲ့ပါတယ္။ လက္႐ွိ အေျခအေနေတြအရ အေမရိကန္နဲ႕ အီရန္ ႏွစ္ႏုိင္ငံၾကား တင္းမာမႈေတြ ဆက္လက္ ျမင့္တက္ေနမယ္လုိ႕ သတင္းေတြက သုံးသပ္ထားပါတယ္။ အေမရိကန္က ပင္လယ္ေကြ႕သုိ႕ USS Abraham Lincoln ေလယာဥ္တင္စစ္ေသဘၤာ၊ ကုန္းေရႏွစ္သြယ္ တုိက္ခုိက္ႏုိင္တဲ့ USS Arlington စစ္သေဘၤာ၊ ပက္ထရီေရာ့ ဒုံးက်ည္ကာကြယ္ေရးစနစ္၊ B-52 ဗုံးႀကဲေလယာဥ္ေတြ ပါဝင္တဲ့ ဗုံးႀကဲတပ္ဖြဲ႕နဲ႕ စစ္သားေထာင္နဲ႕ခ်ီၿပီး ေစလႊတ္ခ်ထားေၾကာင္းလည္း သိရပါတယ္။
Source: AFP, BBC
Credit: Duwun
Unicode Version
အီရန်နိုင်ငံက အမေရိကန်စစ်တပ်ရဲ့ စောင့်ကြည့်ထောက်လှမ်းရေး မောင်းသူမဲ့ လေယာဉ်တစ်စီးကို ပစ်ချခဲ့မှုဟာ အမှားကြီးတစ်ခု လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယမန်နေ့ (ဇွန် ၂၀ ရက်) မှာ ပြောကြားလိုက်ပါတယ်။
ထိုဖြစ်ရပ်ကြောင့် ယခင်ကတည်းက ဆက်ဆံရေးတင်းမာမှုတွေ မြင့်တက်နေခဲ့တဲ့ နှစ်နိုင်ငံကြား ရေနံတင်သင်္ဘောများ ခုတ်မောင်းသွားလာမှုအများဆုံး နိုင်ငံတကာ ပင်လယ်ရေလမ်းကြောင်းမှာ ထိပ်တိုက်တွေ့ရန် အနီးစပ်ဆုံး အခြေအနေ ဖြစ်လာခဲ့ပါတယ်။ “သူတို့ အလွန်ကြီးတဲ့ အမှားကို လုပ်ခဲ့တာပဲ” လို့ သမ္မတထရန့်က ဆိုပါတယ်။
သို့သော် ယခုဖြစ်ရပ်ဟာ လူသားတစ်ဦးရဲ့အမှားကြောင့် ဖြစ်နိုင်ကြောင်းလည်း ထရန့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ “ဒါက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်ဆိုတာ ယုံဖို့ခက်ပါတယ်၊ ဗိုလ်ချုပ်ကြီးတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ယောက်က အမှားလုပ်ခဲ့တာလို့ ထင်ပါတယ်၊ စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့ တစ်စုံတစ်ယောက် ဖြစ်နိုင်တယ်” လို့ အမေရိကန်သမ္မတက ဆိုပါတယ်။
အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စီးက ၎င်းတို့ လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်လာမှုကြောင့် ပစ်ချခဲ့ကြောင်း ယမနနေ့မှာ ပြောထားပါတယ်။ အမေရိကန်စစ်တပ်ကတော့ အီရန်လေပိုင်နက်ထဲကို မရောက်ခဲ့ကြောင်း ငြင်းဆိုထားပါတယ်။ ဇွန်လ ၂၀ ရက်နေ့က အမေရိကန် မောင်းသူမဲ့လေယာဉ်ကို ပစ်ချခဲ့မှုဟာ အီရန်အနေနဲ့ မိမိတို့ရဲ့ နယ်နမိတ်တွေကို ကာကွယ်သွားမယ်လို့ ရှင်းလင်းတဲ့ သတင်းစကားပါးလိုက်ခြင်းဖြစ်ကြောင်း အီရန် Revolutionary Guard တပ်ဖွဲ့အကြီးအကဲ Hossein Salami က ပြောပါတယ်။
“ကျွန်တော်တို့ စစ်ပွဲဖြစ်ဖို့လုပ်နေတာ မဟုတ်ကြောင်း ကြေညာပါတယ်၊ ဒါပေမဲ့ ဘယ်စစ်ပွဲကိုမဆို တုံ့ပြန်ဖို့အတွက် ကျွန်တော်တို့ အသင့်ပါပဲ” လို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ အီရန်ရဲ့ Reolutionary Guard တပ်ဖွဲ့က လေပိုင်နက်ကျူးကျော်လာတဲ့ အမေရိကန်ထုတ် Global Hawk စောင့်ကြည့်ထောက်လှမ်းရေး မောင်းသူမဲ့ လေယာဉ်ကို Hormozgan ပြည်နယ် ပင်လယ်ရေပြင်အထက်မှာ ပစ်ချလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။
အမေရိကန် ပင်တဂွန်စစ်ဌာချုပ်ကတော့ နိုင်ငံတကာလေပိုင်နက်အတွင်းမှာ အကြောင်းမဲ့ တိုက်ခိုက်ခဲ့ကြောင်းဖြင့် ရှုတ်ချလိုက်ပါတယ်။ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရစဉ် အဆိုပါ မောင်းသူမဲ့ လေယာဉ်ဟာ အီရန်ပိုင်နက်မှ ၂၁ မိုင်အကွာမှာ ရှိနေခဲ့ကြောင်းလည်း ပင်တဂွန်က ပြောပါတယ်။
မကြာသေးမီကလည်း ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး အမေရိကန်က အီရန်တပ်ဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း ပြောခဲ့ပေမဲ့ အီရန်က ငြင်းဆိုထားခဲ့ပါတယ်။ လက်ရှိ အခြေအနေတွေအရ အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံကြား တင်းမာမှုတွေ ဆက်လက် မြင့်တက်နေမယ်လို့ သတင်းတွေက သုံးသပ်ထားပါတယ်။ အမေရိကန်က ပင်လယ်ကွေ့သို့ USS Abraham Lincoln လေယာဉ်တင်စစ်သေင်္ဘာ၊ ကုန်းရေနှစ်သွယ် တိုက်ခိုက်နိုင်တဲ့ USS Arlington စစ်သင်္ဘော၊ ပက်ထရီရော့ ဒုံးကျည်ကာကွယ်ရေးစနစ်၊ B-52 ဗုံးကြဲလေယာဉ်တွေ ပါဝင်တဲ့ ဗုံးကြဲတပ်ဖွဲ့နဲ့ စစ်သားထောင်နဲ့ချီပြီး စေလွှတ်ချထားကြောင်းလည်း သိရပါတယ်။
Source: AFP, BBC
Credit: Duwun





