ရိုးရိုးယဉ်ယဉ် မြန်မာ့ရိုးရာဝတ်စုံတွေကို တစ်ခေတ်ဆန်းစေခဲ့သူ ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံမှာတင်မက ကမ္ဘာကပါ လေးစားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် အသက် ၇၄ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ တစ်ချိန်က ဒီမိုကရေစီခေါင်းဆောင်လို့ တစ်မျိုး၊ လူထုခေါင်းဆောင်လို့ တစ်ဖုံ ခေါ်ဝေါ်ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ဒီမိုကရေစီရေးရာ လှုပ်ရှားမှု ကြောင့် နာမည်ကျော်ကြားလူသိများရုံမကဘဲ သူမရဲ့ ရိုးရှင်းတဲ့ မြန်မာဆန်ဆန် ဝတ်စားဆင်ယင်မှုကြောင့် လည်း မြန်မာနိုင်ငံရဲ့ fashion icon တစ်ခုအဖြစ်လည်း ကျော်ကြားပါတယ်။
သူမကို အမြဲလိုလို အင်္ကျီရင်စေ့၊ ရင်ဖုံးနဲ့ မြန်မာရိုးရာဝတ်စုံ ရိုးရိုးရှင်းရှင်းလေးတွေနဲ့ပဲ တွေ့ရလေ့ရှိပါတယ်။ နိုင်ငံ့ခေါင်းဆောင်တစ်ယောက် အနေနဲ့ နိုင်ငံခြားခရီးတွေကို မကြာခဏသွားရောက်ရလေ့ ရှိပေမဲ့ သူမကို အနောက်တိုင်းဝတ်စုံနဲ့ တွေ့ရခဲလှပြီး အမြဲလိုလို မြန်မာရိုးရာချိတ် နဲ့ တိုင်းရင်းသားရိုးရာအဆင်တွေကိုပဲ နှစ်နှစ်ခြိုက်ခြိုက် ဝတ်ဆင်တတ်ပါတယ်။
အောက်စဖို့ဒ်မှာ မိန့်ခွန်းပြောတုန်းက သက်ဆိုင်ရာဘွဲ့ဝတ်စုံအောက်မှာ မြန်မာဝတ်စုံကို ဝတ်ဆင်ခဲ့တဲ့ သူမဟာ ၂၀၁၈ ခုနှစ် တုန်းက World Economic Forum မှာလည်း အဖြူရောင်အင်္ကျီ၊ အပြာရောင်ထမီ၊ အဖြူရောင်ပုဝါ၊ အဖြူရောင် ဖိနပ်တို့နဲ့ မြန်မာဆန်ဆန် ကျက်သရေရှိစွာ လှလှပပ ဝတ်ဆင်ခဲ့ပါတယ်။
အဲဒီလို မြန်မာဝတ်စုံကို သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ ဝတ်ဆင်လေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမြဲတမ်း ခေါင်းနဲ့ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး ယုံကြည်မှု အပြည့်နဲ့ လမ်းလျှောက်တတ်သူ ဖြစ်ပါတယ်။ သူမရဲ့ရိုးရှင်းတဲ့ ဝတ်စားဆင်ယင်မှု၊ ကျက်သရောရှိပြီး ကြည်လင်သလောက် မာန် အပြည့်လည်းရှိတဲ့ မျက်နှာထားနဲ့ ယုံကြည်မှုရှိတဲ့ လမ်းလျှောက်တဲ့ဟန်ဟာ သူမရဲ့အရှိန်အဝါတွေ ဖြာထွက်နေသယောင် ထင်ရပါတယ်။
သူမဟာ မြန်မာဝတ်စုံတွေကို ဝတ်ဆင်ကာ ဆံပင်လေးကို သေသေသပ်သပ် စည်းနှောင်ပြီး အမြဲလိုလို ပန်း ပန်ဆင်လေ့ရှိပါတယ်။ တစ်ခါတရံမှာ ကာလံဒေသံနဲ့လိုက်ဖက်အောင် လက်ဝက်ရတနာ နည်းနည်းပါးပါးကို ဆင်ယင်လေ့ရှိပေမဲ့ အများအားဖြင့်ကတော့ ဘာမှမဝတ်တာများပါတယ်။ အများဆုံးဝတ်ဆင်တတ်တာကတော့ ရိုးရှင်းတဲ့ ပုလဲဆွဲကြိုးလေးတွေပါပဲ။
နိုင်ငံရဲ့ စံပြခေါင်းဆောင်တစ်ယောက်၊ မြန်မာအမျိုးသမီးထုရဲ့ စံနမူနာယူလောက်စရာ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခုလို မြန်မာဝတ်စုံတွေကို မြတ်မြတ်နိုးနိုး စွဲမြဲဝတ်ဆင်တတ်သူ ဖြစ်တာကြောင့် အခုနောက်ပိုင်းမှာ ဆိုရင် မြန်မာအမျိုးသမီးထုဟာလည်း မြန်မာဝတ်စုံ ရိုးရိုးယဉ်ယဉ်လေးတွေ ကို အရင်ကထက် ပိုမိုဝတ်ဆင်လာကြပါတယ်။ တချို့ဆိုရင် အမေစုဝတ်တဲ့ပုံစံရယ်လို့တောင် တကူးတက မှာယူဝတ်ဆင်ကြတာမျိုးတောင် ရှိပါတယ်။
အခုနောက်ပိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက်ရှင်ကို အကြောင်းပြုလို့ မြန်မာအမျိုးသမီးထုကြားမှာ မြန်မာဝတ်စုံတွေ ပြန်လည် ခေတ်စားလာသလို၊ နိုင်ငံတကာကလည်း မြန်မာ့ဝတ်စုံလေးတွေကို သတိထားမိလာကြပါပြီ။
Photo Credit to radiometafora.ro.jpg, New York Times, DNA India, Asia News, Inquirer.net, Rappler
Credit \\ original







