ဦးနုရဲ့ ဝတ္ထုကို (၈) လကျော်ကြာ ပြင်ဆင်ရိုက်ကူးမယ့် ပြေတီဦး
သရုပ်ဆောင် ပြေတီဦးကတော့ သရုပ်ဆောင်ပိုင်းနဲ့ ပရိုဂျူဆာပိုင်း နှစ်မျိုးလုံးကို ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း ဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပညာတတ်တွေ မွေးထုတ်ပေးနေပါတယ်။ လက်ရှိအချိန်မှာတော့ ပြေတီဦးက ဦးနုရဲ့ “ငရဲဆိုတာ ချိုနဲ့လား” ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးသွားမှာပါ။ ဇာတ်ကောင်အရမ်းကြမ်းတဲ့အတွက် အချိန်ယူခဲ့ပေမဲ့ မြန်မာပြည်သူပြည်သားတွေ လက်ခံနိုင်တဲ့ အတိုင်းအတာ ရှိတာမို့ ရိုက်ကူးဖို့ အစီအစဉ် ဆွဲခဲ့ပါတယ်။ အချိန်ယူပြင်ဆင်ပြီးမှ ရုပ်ရှင်ရိုက်သွားမယ့်အကြောင်း အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။
“ငရဲဆိုတာ ချိုနဲ့လား” မှာ ဝတ္ထုနဲ့ ရုပ်ရှင် မတူနိုင်ကြောင်းကို ပြေတီဦးက ခုလို ရှင်းပြပါတယ်။
“ဝတ္ထုနဲ့ ရုပ်ရှင်ဆိုတာကတော့ ဘယ်သောအခါမှ မတူနိုင်ဘူး။ ကွာခြားချက် ဆိုတာကတော့ အမြဲတမ်း ရှိနေမှာပဲ။ ဝတ္ထုမှာ ရေးဖွဲ့ထားတဲ့ အရာတွေအတိုင်း ရုပ်ရှင်မှာ ရိုက်ဖို့ဆိုရင် ပြုပြင် ပြောင်းလဲရတယ်။ ‘နှစ်ပတ်အလို’ ဆိုရင် ရေးတဲ့သူက ဦးမျိုးမင်း ၊ ရိုက်တဲ့သူကလည်း ဦးမျိုးမင်းပဲ။ ဒါပေမဲ့ ရုပ်ရှင်နဲ့ ဝတ္ထုက ဘယ်လိုမှ မတူနိုင်ဘူး။” လို့ ဆိုပါတယ်။
ပြင်ဆင်ရတဲ့ အစိတ်အပိုင်းက အရမ်းများကြောင်းကို ပြေတီဦးက ခုလို ရှင်းပြပါတယ်။
“ပြင်ဆင်နေတာ တစ်လကျော် နှစ်လနီးပါးလောက် ဖြစ်နေပြီ။ ပြင်ဆင်ရတဲ့ အစိတ်အပိုင်းက အရမ်းများတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ မဟုတ်တော့ဘဲ ပရိုဂျူဆာဆိုဒ် ဘက်ကပါ ကိုယ်လိုချင်တဲ့လူတွေ ကိုယ်လိုချင်တဲ့ အနေအထားရဖို့ စီစဉ်ရတာဖြစ်လို့ အစိတ်အပိုင်းက အရမ်းများတယ်။ နောက်ပိုင်းမှာ ပြင်ဆင်တဲ့ ကာလကြီးပဲ (၇) လ ( ၈) လ လောက်ပြီးမှ ရိုက်တဲ့အချိန် ရောက်မယ်။ အခုတော့ စတင်ပြင်ဆင်နေတယ်။
ဇာတ်ကောင်ကြမ်းတဲ့ ဦးနုရဲ့ ဝတ္ထုကို ဘယ်လို ရိုက်ကူးသွားမယ်ဆိုတာကိုတော့ မကြာမီ လာမည်မျှော် ဖြစ်ပါတယ်။
Credit \\ original