အမြန်လမ်းပေါ်မှာ မသေကောင်း မပျောက်ကောင်းပါပဲ အမှန်အတိုင်းပြောရရင် ဒီစာရေးရင်းနဲ့ကို စိတ်လှုပ်ရှားလွန်းလို့ တုန်နေတယ်
မသေကောင်း မပျောက်ကောင်းပါပဲ။အမှန်အတိုင်းပြောရရင် အခု ဒီစာရေးရင်းနဲ့ကို ကျွန်မ စိတ်လှုပ်ရှားလွန်းလို့ တုန်နေတယ်။ အမြန်လမ်းမှာ ကိုယ်ပိုင်ကားနဲ့ပဲဖြစ်ဖြစ်၊ Express ကားနဲ့ဖြစ်ဖြစ် ခရီးသွားတဲ့ လူတွေဂရုစိုက်လို့ရအောင်ပါ။ ကျွန်မ အလုပ်ကိစ္စတစ်ခုနဲ့ ရန်ကုန်ကနေ ည ၈ နာရီထွက်တဲ့ မိုးကောင်းကင် Express နဲ့ စီးလာပါတယ်။
ကျွန်မနဲ့ ကျွန်မရဲ့ရုံးက ညီမလေးနဲ့ ၂ ယောက်ပါ။ အခု အမြန်လမ်းပေါ်မှာ မောင်းနေရင်း ၉ နာရီခွဲလောက်မှာ ကျွန်မဘေးက မှန်ကို သေနတ်နဲ့ ပစ်လိုက်သလို အသံအကျယ်ကြီးနဲ့ တစ်ခုခုလာမှန်လိုက်တာ ကားပြတင်းပေါက်မှန်တစ်ခုလုံးခွမ်းကနဲ ကွဲပြီး မှန်ကွဲစ တွေ လူကိုလာစင်ပါတယ်။ ဘာနဲ့ ပစ်လိုက်တာမှန်းမသိပေမဲ့ တစ်နာရီ ကီလို ၁၀၀ လောက်နဲ့အထက် မောင်းနေတဲ့ အမြန်လမ်းပေါ်မှာ ဒီလောက်ထူတဲ့ ကားမှန်ကြီးကွဲသွားအောင် လာမှန်တဲ့ အသံက ဘယ်လောက် ကျယ်မလဲစဉ်းစားသာကြည့်ပါတော့။ နားတွေအူပြီး လူက ရင်တွေကို ထိတ်ခနဲတုန်သွားတာပဲ။ ကံကောင်းတာတစ်ခုက ကားစီးတိုင်းပြတင်းပေါက်ဘက်ကြည့်နေတတ်တဲ့ ကျွန်မက ဒီနေ့ ရုံးကညီမလေးဘက်ကို မျက်နှာမူထားမိလို့သာ မျက်လုံးထဲကို မှန်ကွဲစတွေ မစိုက်ကုန်တာပါ။ ရုံးက ညီမလေးလည်း စိတ်ပူတော့ ကျွန်မကိုယ်ပေါ်က မှန်တွေကို ကပျာကယာ ဖယ်ပေးရင်း သူလက်ကိုမှန်ကွဲ ရှ သွားပါတယ်။
သူ့အတွက်လည်း စိတ်မကောင်း၊ အခု ၂ ယောက်လုံးကြောက်လွန်းလို့ ငြိမ်ပြီးထိုင်နေမိပါတယ်။ ကားဆရာနဲ့ အားလုံးလည်း ကားရပ်ပြီး အခု အောက်ကိုအခြေအနေဆင်းကြည့်၊ ကွဲသွားတဲ့မှန်တစ်ခုလုံးကို မှန်စတွေဖယ်ပြီး၊ သက်ဆိုင်ရာကို အကြောင်းကြားနေကြပါတယ်။လူအများကြီးထဲကမှ ကျွန်မရဲ့ ခုံမှပဲ တိုက်တိုက်ဆိုင်ဆိုင်။ အားလုံးလည်း သတိ၊ ဝီရိယထားကြပါ။ ဘေးကင်းကြပါစေ။
Credit-Ei Mon Kyaw


