ရက်သတ္တပေါင်းများစွာ လျှော်ဖို့မလိုပဲ ၀တ်ဆင်နိုင်တဲ့ အတွင်းခံဘောင်းဘီ
အိမ်အလုပ်တွေထဲမှာ အ၀တ်လျှော်တာဟာ မလုပ်မဖြစ်လုပ်ရတဲ့အလုပ်တစ်ခုပါပဲ။ တစ်ခါတစ်လေ အလုပ်များလို့ အ၀တ်တွေမလျှော်မိပဲ ပုံနေပြီဆိုတာနဲ့တင် စိတ်ထဲမှာ အလိုလိုညစ်ညူးသွားရတာမျိုး ဖြစ်ဖူးမှာပါ။ ကိုပင်ဟေဂင်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Organic Basics ကတော့ အပျင်းထူသူတွေနဲ့ အလုပ်အင်မတန်များသူတွေအတွက် ခဏခဏလျှော်စရာမလိုတဲ့ အတွင်းခံဘောင်းဘီတွေကို တီထွင်လိုက်ပါပြီ။
အတွင်းခံတွေဟာ အဆင့်မြင့်နည်းပညာနဲ့ထုတ်လုပ်ထားပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာမျိုးလည်းမရှိတဲ့အပြင် ရက်သတ္တပတ်ပေါင်းများစွာကြာအောင် မလျှော်မဖွပ်ပဲ ၀တ်ဆင်နိုင်ပါတယ်။ အတွင်းခံတွေကို ယောကျာ်းလေးဝတ်ရော၊ မိန်းကလေးဝတ်ပါ ထုတ်လုပ်ထားပါတယ်။ ဒါတွေတင်မကပါဘူး။ Organic Basics ဟာ ခြေစွပ်၊ လက်ပြတ်စွပ်ကျယ်နဲ့ မျက်နှာသုတ်ပုဝါတွေကိုလည်း ထုတ်လုပ်ထားပါသေးတယ်။ ဘယ်လိုထုတ်လုပ်သလဲဆိုရင်တော့ ချည်ထည်နဲ့ ရက်ကန်းစက်ရုံတွေက စွန့်ပစ်လိုက်တဲ့ ချည်ခင်တွေကို စက်မှုနည်းနဲ့ ပြန်လည်ဆန်းသစ်ပြီး ထုတ်လုပ်ထားတာပါ။
အခုလို ပြန်လည်ဆန်းသစ်ပြီး ထုတ်လုပ်ထားတဲ့ အထည်တွေမှာ Organic Basics ငွေသတ္တုဓာတ်ကို ထပ်ပေါင်းထည့်ထားပါတယ်။ ဒါကြောင့် အချိန်အတော်ကြာတဲ့အထိ အလိုအလျောက် သန့်ရှင်းနေစေပြီး အနံ့အသက်နဲ့ မသန့်ရှင်းမှုကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယား (၉၉) ရာခိုင်နှုန်းကို သတ်ပေးပါတယ်။ ငွေသတ္ထုကို အထည်တွေထဲ ထည့်သွင်းရတဲ့ နည်းပညာကတော့ နာဆာကသိပ္ပံပညာရှင်တွေက ရေသန့်လိုချင်တဲ့အခါ ငွေသတ္တုကို အသုံးပြုပြီး ရေသန့်စင်အောင်ပြုလုပ်တဲ့ စနစ်အပေါ်မှာ အခြေခံထားတာပါ။
Organic Basics ဟာ (၂၀၁၅) ခုနှစ်မှာ ဆိုင်စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ သဘာဝပတ်ဝန်းကျင်အတွက်လည်း ဆိုးကျိုးမဖြစ်စေရဘူး၊ တာရှည်လည်း အသုံးခံရမယ် ဆိုတဲ့ အိုင်ဒီယာကို စဉ်းစားမိရာကနေ အကောင်အထည်ဖော်ဖြစ်ခဲ့တာပါ။ အခုတွေ့မြင်ရတဲ့ Sivertech 2.0 အဆင့်မြင့်နည်းပညာသုံးထားတဲ့ အနံ့အသက်ပျောက် အတွင်းခံတွေကတော့ recycled နိုင်လွန်တွေကို (၁၀၀) ရာခိုင်နှုန်းအသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီအတွင်းခံတွေက ခဏခဏ လျှော်စရာမလိုတဲ့အတွက် ရေအရင်းအမြစ်နဲ့ စွမ်းအင်အသုံးပြုမှုကိုလည်း လျော့ချပြီးသားဖြစ်တယ်လို့ သိရပါတယ်။
Credit \\ original






