ကင်ဆာရောဂါကို လက်ယပ်ခေါ်နေတဲ့ နေ့စဉ်အလေ့အထများ
အသင့်သုံးပါဆယ်ဘူးတွေကို ပြန်အပူပေးခြင်း
တစ်ခါတစ်လေ အပြင်စာစားချင်လို့ အိမ်ကိုပါဆယ်ဝယ်လာတဲ့အခါ အစားအသောက်တွေက အေးကုန်တာကြောင့် ပြန်နွှေးစားလိုသူတွေ ရှိပါတယ်။ အစားအသောက်တွေကို ကြွေပန်းကန်လိုမျိုး အပူခံပန်းကန်ထဲ ထည့်ပြီး နွှေးတာမျိုးက ကိစ္စမရှိပေမယ့် ၀ယ်လာတဲ့ ဖော့ဘူး၊ ပလတ်စတစ်ဘူးအတိုင်း နွှေးမယ်ဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဒီလို အသင့်သုံးပါဆယ်ဘူးတွေဟာ styrene လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးထွက်ပါတယ်။ ဒီဓာတုပစ္စည်းက အပူပေးလိုက်တဲ့အခါ ပိုဆိုးသွားပြီး သွေးကင်ဆာ၊ ပန်ကရိယနဲ့ အစာပြွန်ကင်ဆာတွေကို ဖြစ်ပွားနိုင်ခြေ မြင့်မားစေပါတယ်။
ဘုံဘိုင်ရေသောက်သုံးခြင်း
ဘုံဘိုင်ကရေကို ရေစစ်နဲ့ မစစ်ယူပဲ ဒီတိုင်းသောက်သုံးမယ်ဆိုရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိတာကို လူတိုင်းသိပြီး ဖြစ်ပါတယ်။ ဘုံဘိုင်ရေထဲမှာ ခရိုမီယမ်(၆) အပြင် အာဆင်းနစ်၊ နိုက်ထရိတ်နဲ့အခြား ဥပဒ်ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် အိမ်မှာ အလိုအလျောက်ရေကိုသန့်စင်ထုတ်ပေးနိုင်တဲ့ ရေသန့်စနစ်တွေ တပ်ဆင်ထားသင့်ပါတယ်။
အပူလွန်ကဲတဲ့အဖျော်တွေကို သောက်သုံးခြင်း
လူတော်တော်များများက တစ်နေ့တာကို ကော်ဖီပူပူ၊ လက်ဖက်ရည်ပူပူတွေနဲ့ အစပြုလေ့ ရှိပါတယ်။ ဒါပေမယ့် အပူချိန်(၁၄၀) ဒီဂရီဖာရင်ဟိုက်ထက်ကျော်တဲ့ အပူတွေကို သောက်သုံးတဲ့အခါ အစာပြွန်ကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါတယ်။ ဒါကြောင့် တစ်ခုခုစားသောက်လို့ အရမ်းပူလွန်းနေရင် အေးအောင်ထားပြီးမှ သောက်သုံးသင့်ပါတယ်။
လှုပ်ရှားမှုမရှိခြင်း
အရွယ်ရောက်ပြီးသူအများစုဟာ နေ့စဉ်နေ့တိုင်း အလုပ်စားပွဲမှာ (၈) နာရီ သို့မဟုတ် (၈) နာရီနဲ့အထက် ပိုကြာပြီး အလုပ်လုပ်ရလေ့ရှိပါတယ်။ တစ်နေကုန် အလုပ်မှာ အညောင်းမိပြီးထိုင်နေရပေမယ့် အိမ်ရောက်တဲ့အခါ လေ့ကျင့်ခန်းပြန်လုပ်တဲ့သူ နည်းပါးပါတယ်။ ဒါကြောင့် အညောင်းထိုင်သူတွေမှာ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ အသဲနဲ့ ကျောက်ကပ်ကင်ဆာ စတာတွေ ဖြစ်ပွားနိုင်ခြေမြင့်တက်လာပါတယ်။
ညဆိုင်းအလုပ်လုပ်ခြင်း
အိပ်ရေးမ၀ခြင်းနဲ့ ကင်ဆာဖြစ်ပွားနိုင်ခြေဟာ ဆက်စပ်မှုရှိနေတာကို လေ့လာချက်ပေါင်းများစွာက ညွှန်ပြနေပါတယ်။ လူတွေမှာ ဇီဝအိပ်ချိန်နာရီဇယား မမှန်ကန်ရင် ရင်သားကင်ဆာနဲ့ ဆီးကြိတ်ကင်ဆာတွေ ဖြစ်ပွားနှုန်း များတတ်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျချင်တယ်ဆိုရင်တော့ ပုံမှန်နေ့အချိန်တွေမှာ လုပ်ရတဲ့အလုပ်ကို ရွေးချယ်သင့်ပြီး အိပ်ရေးဝအောင် အိပ်စက်အနားယူကြဖို့ တိုက်တွန်းလိုပါတယ်။
Credit \\ original






