ျမန္မာ အလုပ္သမားေတြအေပၚ ၿခိမ္းေျခာက္ေငြညႇစ္ေနတဲ့ ျမန္မာလူဆိုးဂိုဏ္းကိုဝင္ေရာက္စီးနင္းလိုက္ျပီ





ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမဳိ႕လယ္ေခါင္ ပတူနမ့္ေစ်းအနီးရွိ တိုက္ခန္းတခုမွာ ျမန္မာ အလုပ္သမားေတြအေပၚ ၿခိမ္းေျခာက္ေငြညႇစ္ေနတဲ့ ျမန္မာလူဆိုးဂိုဏ္းတခုကို ထိုင္းအာဏာပိုင္ ေတြက ၀င္ေရာက္စီးနင္းဖမ္းဆီးခဲ့ေၾကာင္း ေခါ၀္ဆြတ္ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။

အဆိုပါ တိုက္ခန္းမွာ ငွားရမ္းေနထိုင္တဲ့ အန္းကူနဲ႔ ဆန္ေဂ်း ဆိုသူ ျမန္မာ ၂ ဦးဟာ ဂိုဏ္းဖြဲ႔ ၿပီး အုပ္စုအားကိုးနဲ႔ ျမန္မာအလုပ္သမားေတြအေပၚ လိုင္းေၾကးေကာက္ခံတာ၊ ၿခိမ္းေျခာက္ ႀကိမ္းေမာင္းဆဲဆိုတာ၊ ေတာင္းတဲ့ေငြ မေပးရင္ ေသတဲ့အထိ အ႐ုိက္ခံရသူေတြရွိေၾကာင္း ျမန္မာ အလုပ္သမားအေရးေဆာင္ရြက္ေနတဲ့ LPN အဖြဲ႔က တိုင္ၾကားထားတာေၾကာင့္ ထိုင္းႏိုင္ငံ ျပည္တြင္းလံုျခံဳမႈ ေစာင့္ေရွာက္ေရးဌာန တာ၀န္ရွိသူေတြက အဆိုပါ တိုက္ခန္းကို မေန႔က သြားေရာက္စီးနင္းရွာေဖြၿပီး ဂိုဏ္းေခါင္းေဆာင္ တဦးကို ဖမ္းဆီးလိုက္ပါတယ္။


ျပည္တြင္းလံုျခံဳေရးတာ၀န္ရွိသူေတြဟာ အဆိုပါ တိုက္ခန္းကေန အန္းကူဆိုသူ ျမန္မာ မာဖီးယား ေခါင္းေဆာင္ကို ဖမ္းဆီးထိန္းသိမ္းလိုက္ၿပီး ဆန္ေဂ်းကေတာ့ ဒီမတိုင္ခင္ တရက္အလို ကတည္းက ျမန္မာဘက္ကို ထြက္ေျပးသြားပါတယ္။

အဆိုပါ တိုက္ခန္းကေန မူးယစ္ေဆး၀ါးတခ်ိဳ႔ကိုလည္း သိမ္းဆည္းရမိခဲ့ၿပီး တိုက္ခန္း အနီးတ၀ိုက္ ေနထိုင္သူ ျမန္မာတခ်ဳိ႕ကိုလည္း အန္းကူရဲ႕အဖြဲ႔ထဲက ဟုတ္မဟုတ္ ဖမ္းဆီး စစ္ေဆးခဲ့ပါတယ္။

အန္းကူနဲ႔ ဆန္ေဂ်းတို႔ဟာ သူတို႔ကိုယ္သူတို႔ ထိုင္းရဲနဲ႔ အဆက္အသြယ္ရွိေၾကာင္း၊ ဒါေၾကာင့္ ျမန္မာအလုပ္သမားေတြ ဖမ္းဆီးစစ္ေဆးမႈမရွိေအာင္ ေငြေကာက္ခံကာ ထိုင္းရဲကို ညိႇႏိႈင္းေပး ေၾကာင္း၊ အလုပ္သမား ၂၀ ေလာက္ကေန လိုင္းေၾကး တလကို ဘတ္ ၄၇၀၀ ေလာက္ ေပးေနရတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ အလုပ္သမားေတြဟာ ဥပေဒနဲ႔ မညီရင္၊ ဥပမာ – အလုပ္ရွင္ေျပာင္းေၾကာင္း သက္ဆိုင္ရာကို အေၾကာင္းမၾကားရင္ သူတို႔က တိုင္တန္းမယ္လို႔ ၿခိမ္းေျခာက္ေၾကာင္း၊ ျပႆနာ မျဖစ္လိုက သူတို႔ကို ေငြေပးရေၾကာင္း၊ ၿခိမ္းေျခာက္ေငြေတာင္းေနတဲ့ ဗီြဒီယိုဖိုင္ေတြလည္း အြန္လိုင္းေပၚ ျပန္႔သြားခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဆမြတ္ဆာခြန္းအေျခစိုက္ LPN (Labour Protection Network) ေဖာင္ေဒးရွင္းကို ဒီဗြီဘီက ဆက္သြယ္ေမးျမန္းရာမွာ အဖြဲ႔အစည္းတာ၀န္ရွိသူ တဦးက ျမန္မာ အလုပ္သမားေတြ မာဖီးယားဂိုဏ္းရဲ႕ အႏိုင္က်င့္ခံရေၾကာင္း တိုင္ၾကားလာတဲ့အတြက္ ထိုင္းႏိုင္ငံ ျပည္တြင္းလံုျခံဳမႈေစာင့္ေရွာက္ေရးဌာနကို ဆက္လက္တိုင္ၾကားဖို႔ ဆက္သြယ္ေပးလိုက္ေၾကာင္း၊ တိုင္ၾကားသူ အလုပ္သမားဟာ ဘယ္သူ ေတြလဲ၊ ဘယ္လို အႏိုင္က်င့္ခံရသလဲ ဆိုတာကိုေတာ့ ထုတ္ေဖာ္ေျပာဆိုလို႔မရေၾကာင္း ေျဖၾကားသြားပါတယ္။

Credit – DVB

Unicode ျဖင့္ဖတ္ရန္

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ခေါင် ပတူနမ့်စျေးအနီးရှိ တိုက်ခန်းတခုမှာ မြန်မာ အလုပ်သမားတွေအပေါ် ခြိမ်းခြောက်ငွေညှစ်နေတဲ့ မြန်မာလူဆိုးဂိုဏ်းတခုကို ထိုင်းအာဏာပိုင် တွေက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ တိုက်ခန်းမှာ ငှားရမ်းနေထိုင်တဲ့ အန်းကူနဲ့ ဆန်ဂျေး ဆိုသူ မြန်မာ ၂ ဦးဟာ ဂိုဏ်းဖွဲ့ ပြီး အုပ်စုအားကိုးနဲ့ မြန်မာအလုပ်သမားတွေအပေါ် လိုင်းကြေးကောက်ခံတာ၊ ခြိမ်းခြောက် ကြိမ်းမောင်းဆဲဆိုတာ၊ တောင်းတဲ့ငွေ မပေးရင် သေတဲ့အထိ အရိုက်ခံရသူတွေရှိကြောင်း မြန်မာ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ LPN အဖွဲ့က တိုင်ကြားထားတာကြောင့် ထိုင်းနိုင်ငံ ပြည်တွင်းလုံခြုံမှု စောင့်ရှောက်ရေးဌာန တာဝန်ရှိသူတွေက အဆိုပါ တိုက်ခန်းကို မနေ့က သွားရောက်စီးနင်းရှာဖွေပြီး ဂိုဏ်းခေါင်းဆောင် တဦးကို ဖမ်းဆီးလိုက်ပါတယ်။

ပြည်တွင်းလုံခြုံရေးတာဝန်ရှိသူတွေဟာ အဆိုပါ တိုက်ခန်းကနေ အန်းကူဆိုသူ မြန်မာ မာဖီးယား ခေါင်းဆောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ဆန်ဂျေးကတော့ ဒီမတိုင်ခင် တရက်အလို ကတည်းက မြန်မာဘက်ကို ထွက်ပြေးသွားပါတယ်။

အဆိုပါ တိုက်ခန်းကနေ မူးယစ်ဆေးဝါးတချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး တိုက်ခန်း အနီးတဝိုက် နေထိုင်သူ မြန်မာတချို့ကိုလည်း အန်းကူရဲ့အဖွဲ့ထဲက ဟုတ်မဟုတ် ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။

အန်းကူနဲ့ ဆန်ဂျေးတို့ဟာ သူတို့ကိုယ်သူတို့ ထိုင်းရဲနဲ့ အဆက်အသွယ်ရှိကြောင်း၊ ဒါကြောင့် မြန်မာအလုပ်သမားတွေ ဖမ်းဆီးစစ်ဆေးမှုမရှိအောင် ငွေကောက်ခံကာ ထိုင်းရဲကို ညှိနှိုင်းပေး ကြောင်း၊ အလုပ်သမား ၂၀ လောက်ကနေ လိုင်းကြေး တလကို ဘတ် ၄၇၀၀ လောက် ပေးနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်သမားတွေဟာ ဥပဒေနဲ့ မညီရင်၊ ဥပမာ – အလုပ်ရှင်ပြောင်းကြောင်း သက်ဆိုင်ရာကို အကြောင်းမကြားရင် သူတို့က တိုင်တန်းမယ်လို့ ခြိမ်းခြောက်ကြောင်း၊ ပြဿနာ မဖြစ်လိုက သူတို့ကို ငွေပေးရကြောင်း၊ ခြိမ်းခြောက်ငွေတောင်းနေတဲ့ ဗွီဒီယိုဖိုင်တွေလည်း အွန်လိုင်းပေါ် ပြန့်သွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆမွတ်ဆာခွန်းအခြေစိုက် LPN (Labour Protection Network) ဖောင်ဒေးရှင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ အဖွဲ့အစည်းတာဝန်ရှိသူ တဦးက မြန်မာ အလုပ်သမားတွေ မာဖီးယားဂိုဏ်းရဲ့ အနိုင်ကျင့်ခံရကြောင်း တိုင်ကြားလာတဲ့အတွက် ထိုင်းနိုင်ငံ ပြည်တွင်းလုံခြုံမှုစောင့်ရှောက်ရေးဌာနကို ဆက်လက်တိုင်ကြားဖို့ ဆက်သွယ်ပေးလိုက်ကြောင်း၊ တိုင်ကြားသူ အလုပ်သမားဟာ ဘယ်သူ တွေလဲ၊ ဘယ်လို အနိုင်ကျင့်ခံရသလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုလို့မရကြောင်း ဖြေကြားသွားပါတယ်။

Credit – DVB


Recent Updates

Recent Posts Widget