အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲကြည့်စင်အတွင်းအမှိုက်ကောက်ခဲ့တဲ့ ဂျပန်ပရိသတ်များ
လက်ရှိကျင်းပနေတဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကတော့ တဖြည်းဖြည်းနဲ့ အရှိန်ရလာခဲ့ပါပြီ။ အုပ်စုပွဲစဉ်တွေ ပြီးဆုံးဖို့ သိပ်မလိုတော့ပဲ ပွဲစဉ်တွေမှာလည်း အကြိတ်အနယ်နဲ့ ပရိသတ်တွေကို ဖမ်းစားလာနိုင်ခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်တွေသာမက တစ်ချို့သော ကွင်းအပြင်က အဖြစ်အပျက်တွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။
အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဂျပန်လက်ရွေးစင် အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ပွဲမှာ စကော့တလန်အသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဂျပန်အသင်းအတွက် သွင်းဂိုးတွေကိုတော့ အီဝါဘူချီနဲ့ ဆူဂါဆာဝါတို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံ ရန်းနက်စ်မြို့မှာရှိတဲ့ Roazhon Park ကွင်းထဲမှာ ကျင်းပခဲ့တဲ့ အဆိုပါပွဲစဉ် ပြီးဆုံးသွားချိန်မှာတော့ ဂျပန်ပရိသတ်ဟာ ပွဲကြည့်စင်မှာရှိတဲ့ အမှိုက်များကို လိုက်လံသိမ်းဆည်းခဲ့ပါတယ်။ ဂျပန်ပရိသတ်ရဲ့ လုပ်ရပ်ကြောင့် မီဒီယာတွေနဲ့ အခြားအသင်းပရိသတ်များက ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။
ဒါဟာ ဂျပန်နိုင်ငံအတွက်တော့ ဂုဏ်ယူစရာကောင်းတာ ပထမဦးဆုံးအကြိမ် မဟုတ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ဂျပန်ပရိသတ်များဟာ ကွင်းအတွင်း အမှိုက်များ လိုက်လံသိမ်းဆည်းပေးခဲ့တဲ့အပြင် အမျိုးသား ဘောလုံးအသင်းကလည်း အဝတ်လဲခန်းကို သန့်ရှင်းရေး ပြုလုပ်ပေးခဲ့တာပါ။ ဂျပန်တို့ရဲ့ လုပ်ရပ်ကို ဆီနီဂေါပရိသတ်များကပါ အတုခိုးကာ လိုက်လံပြုလုပ်ခဲ့ကြပါသေးတယ်။
ဂျပန်အမျိုးသမီးဘောလုံးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(D)မှာ အင်္ဂလန် ၊ စကော့တလန် ၊ အာဂျင်တီးနား စတဲ့ အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပေမယ့် ၂ပွဲကစား ၁ပွဲနိုင် ၊ ၁ပွဲသရေ ၄မှတ် ရရှိထားကာ အုပ်စုတက်ဖို့ အခြေအနေကောင်းနေပါတယ်။ လာမယ့်ဇွန်လ ၂၀ရက်နေ့မှာတော့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နာမည်ကြီး အင်္ဂလန်အသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားသွားကြမှာလည်း ဖြစ်ပါတယ်။
Credit \\ original