ထောင်မှပြန်လွတ်လာသူဖခင်က သမီးအရင်းအား ၂ ကြိမ်တိုင် သားမယားပြုကျင့်၍ ဖမ်းဆီးအရေးယူ
မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွတ်မြောက်လာသူ ဖခင်က သမီးအရင်းကို ၂ ကြိမ်တိုင် သားမယားပြုကျင့်ခဲ့သဖြင့် မိုးကောင်းမြို့နယ် ပင်းဘောနယ်မြေ ရဲစခန်းက အမှုဖွင့်ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၉ နှစ်ချမှတ် ခံရပြီး ၂၀၁၉ ခုနှစ်တွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့်ပြန်လည် လွတ်မြောက်လာသူ ဝင်းမောင်သည် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်တွင် မိုးကောင်းမြို့နယ် အင်ကြင်းကုန်းရွာနေအိမ်သို့ရောက်ရှိခဲ့ပြီး ဆားမှော်ရွာရှိ အဖွားဖြစ်သူထံ သွားရောက်နေထိုင်သည့် သမီးဖြစ်သူကို ဇူလိုင် ၃ ရက်က ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ဝင်းမောင်သည် အင်ကြင်းကုန်းရွာနေအိမ်တွင် သမီးဖြစ်သူ မ—နှင့် နှစ်ဦးတည်းရှိနေစဉ် ဇူလိုင် ၄ ရက် နံနက် ၁ နာရီအချိန်တွင် မ….အား သားမယားလို အတူနေချင်ကြောင်းပြောသဖြင့် မ— က ငြင်းဆို ရုန်းကန်ခဲ့ကြောင်း၊ ထိုသို့ငြင်းဆိုစဉ် ဖခင်ဖြစ်သူက အိပ်ယာအနီးရှိ ဓာတ်မီးဖြင့် သမီးအရင်းခေါက်ခေါက် မ…….၏မျက်နှာအား ရိုက်နှက် ကာ အလိုမတူဘဲ သားမယားအဖြစ် နာရီဝက်ခန့်ပြုကျင့်ခဲ့ကြောင်း၊ ယင်းနောက် ယင်းနေ့နံနက်တွင် ဖခင်ဖြစ်သူနှင့်အတူ ဆားမှော်ရွာသို့ ပျိုးနှုတ်သွားစဉ် အဖွားဖြစ်သူကိုတွေ့ရှိသဖြင့် ဖြစ်စဉ်ကို ပြောကြား ခဲ့ကြောင်း၊ ဖခင်ဖြစ်သူနှင့်အတူ ပြန်မလိုက်လိုသော်လည်း ကြောက်ရွံ့ သဖြင့် အင်ကြင်းကုန်းရွာသို့ ပြန်လိုက်ခဲ့ကြောင်း၊ ထပ်မံ၍ ဇူလိုင် ၅ ရက်နံနက် ၄ နာရီခန့်တွင် ဝင်းမောင်မှ မ— အား အလိုမတူဘဲ နာရီဝက်ခန့် သားမယားပြုကျင့်ခဲ့ကြောင်း သမီးဖြစ်သူ၏တိုင်ကြားချက် အရ သိရသည်။
ဇူလိုင်လ ၅ ရက် နံနက်ပိုင်းတွင် ဝင်းမောင်မှ သမီးဖြစ်သူအား ဆပ်ပြာရည်ဘူးဝယ်ခိုင်းသဖြင့် နေအိမ်မှထွက်လာခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ အင်ကြင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်တန်းခဲ့ကြောင်း၊ ထိုမှတဆင့် ပင်းဘောနယ်မြေရဲစခန်း သို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ရာ အဆိုပါနယ်မြေရဲစခန်းက ပ-၁၄/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး သားမယားပြုကျင့်သူ ဝင်းမောင်ကို အင်ကြင်းကုန်း ရွာတွင် ဝိုင်းပတ် ပိတ်ဆို့ ဖမ်းဆီးခဲ့သည်။
စိုင်းအောင်ထက် (ဟိုပင်) News Watch
Credit \\ original


