မိုးရွာတုန်း အလုပ် လုပ်ခိုင်းပါက တစ်ရက်စာလုပ်ခနှစ်ဆပေးရမယ်ဆိုတဲ့ သြဇီရဲ့ဥပဒေသစ်
သည်းကြီးမည်းကြီးရွာနေတဲ့ မိုးရေတွေထဲ လမ်းပဲလျှောက်လျှောက်၊ ဘတ်စ်ကားပဲစီးစီး၊ ရထားပဲစီးစီး နောက်ဆုံး ကိုယ်ပိုင်ကားနဲ့ပဲဖြစ်ဖြစ် အလုပ်သွားတက်ရတာကြီးလောက် စိတ်ရှုပ်စရာရှိမှာမဟုတ်ဘူးနော်။ ကျွန်တော်တို့လို မိုးစိုပြီး စိုစိစိုစိဖြစ်တာကိုတောင် ဒေါသတွေထွက် စိတ်တွေအိုက်တတ်တဲ့သူဆို ပိုဆိုးပြီပေါ့။ ဘယ်သူမဆို မိုးရွာရင် အိမ်ကစောင်ပုံလေးထဲမှာ ကော်ဖီလေးသောက်၊ ရုပ်ရှင်လေးကြည့်နဲ့ ကွေးနေချင်တာပဲမဟုတ်လား။ ဒါပေမဲ့လည်း ဝမ်းစာကလည်း ဖြည့်ရဦးမှာဆိုတော့ မိုးရွာလည်း အလုပ်တက်၊ နေပူလည်းအလုပ်တက်ရတာပါပဲ။ ရုံးထဲလေးမှာထိုင်ပြီး အလုပ်လုပ်နေသူတွေတောင် မိုးရွာတာကို မကြိုက်ကြတာ အပြင်မှာအလုပ်လုပ်နေရတဲ့ လူတွေဆိုရင်တော့..

သြစတေးလျမှာတော့ ဒီလိုမျိုး ဟင်းလင်းပြင်တွေထဲ အလုပ်လုပ်နေရသူတွေအတွက် ဥပဒေအသစ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ မိုးသည်းသည်းမည်းမည်းရွာပြီး အပူချိန်ဟာ ၁ ဒီဂရီစင်တီဂရိတ်အောက် လျော့လာပြီဆိုရင်တော့ အလုပ်သမားတွေဟာ အလုပ်မလုပ်ချင်ဘဲ အိမ်ပြန်ရင်ပြန်၊ ဒါမှမဟုတ် အလုပ်ရှင်က အလုပ်ဆက်လုပ်ခိုင်းမယ်ဆိုရင်တော့ တစ်နေ့လုပ်အားခရဲ့ ၂ ဆတိတိကို ပေးကိုပေးရမှာပဲဖြစ်ပါတယ်။ ဒီလို ၂ ဆပေးခိုင်းတာတောင်မှပဲ အလုပ်သမားက မိုးဝင်ခိုနေရင် အလုပ်ရှင်က တားလို့မရဘူးတဲ့နော်။

သြစတေးလျအနေနဲ့ကတော့ အရင်နှစ်တွေတုန်းကတည်းက မိုးနဲ့ပတ်သက်ပြီး ရာသီဥတုအခြေအနေတွေ တော်တော့်ကို ဆိုးရွားနေခဲ့တာပါ။ မိုးတစ်ခါတစ်ခါရွာရင်တော်ရုံ မဟုတ်ဘဲ သည်းကြီးမည်းကြီးရွာကာ အအေးနှုန်းကတည်း သုညနားကပ်ပြီးကို ကျဆင်းလေ့ရှိနေပါတယ်။ ဒီတင်မဟုတ်ဘဲ လေတွေကလည်း တိုက်တာတော်တော်ကြမ်းနေတယ်ဆိုတော့ သာမန်လမ်းမပေါ်သွားလာနေတဲ့ သူတွေတောင် အဆင်မပြေဖြစ်နေကြတော့ လမ်းမပေါ်မှာ အလုပ်လုပ်နေရတဲ့လူတွေဆိုရင်တော့ ပြောမနေပါနဲ့တော့။
အလုပ်လုပ်ရတာအဆင်မပြေတဲ့အပြင် လုပ်သားတွေရဲ့ ကျန်းမာရေးနဲ့ ရာသီဥတုကြောင့် လျှပ်စစ်စက်ပစ္စည်းတွေ ရှော့ဖြစ်တာတို့၊ ပစ္စည်းတွေပြုတ်ကျတာတို့ စတဲ့မမြင်ရတဲ့ ရုတ်တရက်ဘေးအန္တရာယ်တွေပါ ဖြစ်လာနိုင်တဲ့အတွက်ကိုမှ သြဇီအစိုးရအနေနဲ့ အခုလို ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာပဲဖြစ်ပါတယ်။ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်သားတွေ၊ လမ်းမပေါ် တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတွေ၊ လုံခြုံရေးတွေ အစရှိတဲ့လူတွေ ပါဝင်သွားမှာပါ။ တင်္နလာနေ့တုန်းကတော့ သြဇီမှာ မိုးရွာတဲ့မိုးရေချိန်ဟာ ၃၃ မီလီမီတာတောင် ရှိနေခဲ့တယ်လို့ သြစတြေးလျ အွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့ news.com.au မှာ ဖော်ပြထားခဲ့ပါတယ်။
Penny
Credit \\ original

