စိတ်ကူးအိပ်မက်ထဲကအတိုင်း ကိုရီးယားလူမျိုးနဲ့လက်ထပ်ခဲ့တဲ့ အင်ဒိုနီးရှားအမျိုးသမီး




လူတိုင်းလူတိုင်းမှာ စိတ်ကူးအိပ်မက်တစ်ခုစီလောက်တော့ အနည်းဆုံးရှိကြပါတယ်။ ဒါပေမယ့် ဒီစိတ်ကူးအိပ်မက်တွေက မဖြစ်နိုင်ပါဘူးလို့ ပြောကြတဲ့ဘေးလူတွေကလည်း ရှိနေပါသေးတယ်။ ဒီလိုမျိုးပြောကြတဲ့အခါမှာ စိတ်ကူးတွေထဲကအတိုင်း မဖြစ်ဖြစ်အောင်လုပ်နိုင်ကြတဲ့သူတွေလည်းရှိကြပြီး အဲဒီလိုလူတွေထဲမှာ အင်ဒိုနီးရှားအမျိုးသမီး Vera Nanda Putri ကလည်း တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။သူမရဲ့ စိတ်ကူးအိပ်မက်ကတော့ ကိုရီးယားလူမျိုး ယောကျာ်းလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်ချင်တာပါပဲ။ ၀၀ဖိုင့်ဖိုင့်ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားတဲ့ သူမဟာ အဆိုပါ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပြီး လှောင်ပြောင်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့်လည်း သူမနဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ အချစ်ဟာ ထိုဝေဖန်သူတွေရဲ့ လှောင်ပြောင်မှုတွေကို အနိုင်ယူခဲ့ပြီး အချစ်စစ်ဆိုတာက လူမျိုး၊ ဘာသာ၊ ရုပ်ရည်ပုံပန်းသဏ္ဍာန်နဲ့ မဆိုင်ဘူးဆိုတာကို သက်သေပြခဲ့ပါတယ်။Vera ရဲ့ အချစ်ဇာတ်လမ်းစတင်ပုံကတော့ သူမဟာ ကိုရီးယားရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ Running Man ကိုကြည့်ပြီးတဲ့နောက်ပိုင်း ကိုရီးယားယဉ်ကျေးမှုကို ကြိုက်နှစ်သက်ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအခါမှာတော့ ကိုရီးယားဘာသာစကားကို စတင်သင်ယူလ့လာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ တောင်ကိုရီးယားနိုင်ငံဆီကို ထွက်ခွာလာခဲ့ကာ ဆိုးလ်အမျိုးသားတက္ကသိုလ်မှာ ကိုရီးယားဘာသာကို သေချာသင်ယူခဲ့ပါတယ်။




အဲဒီနှစ်မှာပဲ သူမဟာ Jun လို့ခေါ်တဲ့ Graphic Designer တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တခြားစုံတွဲအများစုလိုပဲ သူမတို့ ၂ ယောက်ဟာ မိတ်ဆွေသူငယ်ချင်းအဆင့်နဲ့သာ အချိန်အတော်ကြာရှိခဲ့ကြပြီးမှ တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တွေရှိလာခဲ့ကြကာ မိတ်ဆွေတွေအဆင့်ကနေ ချစ်သူတွေအဆင့်ကို ကူးပြောင်းခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တော့ သူမတို့ဟာ တစ်ယောက်ကိုတစ်ယောက် ဖွင့်မပြောခင်အချိန်ကတည်းက ချစ်နေခဲ့ကြတာဖြစ်ပေမယ့်လည်း Vera အနေနဲ့ Jun အပေါ်မှာ စစ်မှန်တဲ့ခံစားချက်ရှိနေခဲ့တာတောင်မှ သံသယတွေ ၀င်ခဲ့ပါသေးတယ်။အဲဒီအချိန်မှာ Jun ဟာ သူမရဲ့ အနာဂတ်ခင်ပွန်းလောင်းဖြစ်လာနိုင်တယ်လို့ Vera အနေနဲ့ မတွေးမိခဲ့သေးပဲ သူမတွေးမိတဲ့အရာတွေက ရင်ဆိုင်ရမယ့်အတားအဆီးတွေများစွာပါပဲ။





 သူမတို့ ၂ ယောက်လုံးဟာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေ ကွာခြားကြတဲ့အပြင် အဲဒီလိုမျိုး ကွာခြားချက်တွေများစွာထဲကမှ အကြီးမားဆုံးကွာခြားချက်ကြီးကတော့ ကိုးကွယ်ယုံကြည်တဲ့ဘာသာရေးပဲ ဖြစ်ပါတယ်။ Jun နဲ့ Vera တို့ဟာ သူတို့ ၂ ယောက်ရဲ့ ချစ်နေကြကြောင်းကို Social Media ကနေတဆင့် လူအများသိရှိအောင်ကြေညာခဲ့စဉ်အချိန်တုန်းက ပြင်းထန်လွန်းလှတဲ့ ဝေဖန်တိုက်ခိုက်မှုတွေများစွာကို ရင်ဆိုင်ခဲ့ကြရပါတယ်။ဒီလိုမျိုး ဆိုးရွားလှတဲ့ ဝေဖန်တိုက်ခိုက်မှုတွေများစွာကို ကြုံတွေ့နေခဲ့ရပေမယ့်လည်း Jun နဲ့ Vera တို့ ၂ ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ပြောင်းလဲခြင်းအလျဉ်းမရှိတဲ့ အချစ်တွေနဲ့ ချစ်နေခဲ့ကြပြီး အဲဒီနောက်မှာတော့ ချစ်သူရည်းစားဘ၀ကနေ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။တစ်ရက်မှာတော့ Jun ဟာ Vera ရဲ့ ဖခင်ဆီကို ဖုန်းခေါ်ပြီး သမီးဖြစ်သူ Vera နဲ့ လက်ထပ်ချင်ကြောင်းပြောကာ ခွင့်တောင်းခဲ့ပါတယ်။ အဲဒီအခါမှာတော့ Vera ရဲ့ ဖခင်ဖြစ်သူကလည်း ကြည်ဖြူစွာနဲ့ သဘောတူခဲ့တာကြောင့် ချစ်သူ ၂ဦးဟာ ပျော်ရွှင်ခဲ့ကြရပါတယ်။ ထို့နောက်မှာတော့ Jun နဲ့ Vera တို့ ချစ်သူ ၂ ဦးဟာ Vera ရဲ့ မိဘတွေကို တွေ့ဆုံနှုတ်ဆက်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ဆီကိုသွားရောက်ခဲ့ကြပြီး Jun ဟာ Vera ကို ဆွေမျိုးအသိုင်းအ၀ိုင်းတွေရဲ့ အရှေ့မှာ တရားဝင်လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။သူတို့ ၂ ယောက်ရဲ့ တရားဝင်လက်ထပ်မင်္ဂလာပွဲကိုတော့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ၂ ယောက်သားဟာ လူမျိုးမတူ၊ ဘာသာမတူတဲ့အပြင် ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း ခံခဲ့ကြရတာမို့လို့ သူတို့ရဲ့ မင်္ဂလာပွဲဟာ ထိုအချိန်တုန်းက အွန်လိုင်းမှာအတော်လေးကို လူစိတ်ဝင်စားခဲ့ကြပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကိုတက်ရောက်ခဲ့ကြတဲ့သူတွေထဲမှာ အင်ဒိုနီးရှားသမ္မတဟောင်း Susilo Bambang Yudhoyono နဲ့ ဇနီးဖြစ်သူ Ani Yudhoyono တို့လည်း ပါဝင်ပါတယ်။Jun နဲ့ Vera တို့ ၂ ယောက်ဟာ ကွာခြားချက်တွေ များစွာရှိပေမယ့်လည်း အချစ်တစ်ခုကို အခြေတည်ပြီးတော့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြကာ အခုဆိုရင်တော့ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်ရရှိနေကြပြီ ဖြစ်ပါတယ်။ စိတ်ကူးအိပ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ Vera ကိုတော့ အချစ်ကံကောင်းတဲ့မိန်းကလေးလို့ ဆိုလို့ရမယ်ထင်ပါတယ်နော်။Ref : Koreaboo

Credit  \\  original

Recent Updates

Recent Posts Widget