အိန္ဒိယမှာ PUBG ကစားလို့ လူငယ် ၁၆ ယောက်အဖမ်းခံရ





ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့မှာ အိန္ဒိယနိုင်ငံရဲ့ အနောက်ဘက်ပြည်နယ်တစ်ခုဖြစ်တဲ့ ဂူဂျာရတ်မှာ PUBG Mobile လို့လူသိများတဲ့ PlayerUnknown’s Battlegrounds Mobile ဂိမ်းကို တရားမဝင်အဖြစ် ပိတ်ပင်လိုက်ပါတယ်။ ဂူဂျာရတ်ပြည်နယ်ဟာ အိန္ဒိယရဲ့လူနေထူထပ်တဲ့ နေရာတစ်ခုပဲဖြစ်ပြီး လူဦးရေ သန်း ၆၀ ကျော်နေထိုင်ကြပါတယ်။ ဒါပေမယ့် ပြည်သူအများစုဟာ ဒီဥပဒေအသစ်ကို ဟာသလို့ပဲ ထင်ခဲ့ကြရာက အဖမ်းခံရတာတွေ ဖြစ်လာခဲ့တာပါ။



ဒီအပတ်ထဲမှာ ကောလိပ်ကျောင်းသားဆယ်ဦးကို PUBG Mobile ကစားနေတဲ့အတွက် ရဲတွေက ဖမ်းဆီးခဲ့ပြီးနောက် ဂိမ်းဆော့လို့ အဖမ်းခံရသူဦးရေဟာ ၁၆ ယောက်ထိ တိုးမြင့်လာခဲ့ပါတယ်။ ဒီလူတွေကို ရဲတွေက အသိပေးပြောကြားပြီးတဲ့နောက်မှာတော့ ပြန်လွှတ်ပေးခဲ့ကြပါတယ်။

ရဲတစ်ဦးရဲ့ အဆိုအရ ဂိမ်းဆော့နေတဲ့ ကျောင်းသားတွေဟာ ဂိမ်းကို အရမ်းအာရုံစိုက်နေကြလို့ ရဲတွေ သူတို့အနားကို ကပ်လာတာတောင် မသိလိုက်ကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့် လက်ပူးလက်ကြပ် ဖမ်းမိခဲ့တာပါ။ ဒီဥပဒေအသစ်ကို မကျေနပ်လို့ ကန့်ကွက်ပြောဆိုနေကြသူတွေလည်း ရှိပါတယ်။


PUBG ဂိမ်းကို စတင်ပိတ်ပင်ခဲ့တာကတော့ ဂူဂျာရတ်ရဲ့ ရဲအကြီးအကဲ Agrawal ဖြစ်ပြီး ဒီဂိမ်းဟာ လူငယ်တွေကြားမှာ အရမ်းစွဲလမ်းလွန်းလို့ ကျောင်းပညာအပါအဝင် အခြားကိစ္စတွေကို ပျက်ကွက်ရတယ်လို့ လူကြီးတွေက မကျေမနပ်ဖြစ်နေကြတာပါ။ အခြားပြည်နယ်တစ်ခုဖြစ်တဲ့ ဂိုအာမှ ဝန်ကြီးတစ်ယောက်ကလည်း PUBG ဟာ အိမ်တိုင်းစေ့ရှိနေတဲ့ မိစ္ဆာတစ်ကောင် လိုပဲလို့ ပြောဆိုခဲ့ပါတယ်။


ဒါပေမယ့် PUBG လိုပဲ အောင်မြင်နေတဲ့ အမျိုးအစားတူ Battle Royale ဂိမ်းတစ်ခုဖြစ်တဲ့ Fortnite ကိုတော့ ပိတ်ပင်တားဆီးခြင်း မရှိပါဘူး။ Fortnite ရဲ့ကစားပုံက အစစ်အမှန်ဆန်မှုထက် စိတ်ကူးယဉ် Fantasy ဘက်ကို ပိုရောက်လို့လည်း ဖြစ်နိုင်ပါတယ်။



PUBG Mobile ကိုထုတ်လုပ်သူ Bluehole ကတော့ အိန္ဒိယအစိုးရ၊ ပညာရေးအရာရှိများနဲ့ ဆက်သွယ်ပြီး ညှိနှိုင်းသွားမယ်လို့ ဆိုပါတယ်။ အခြားအင်အားကြီးအာရှနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံဟာလည်း ငယ်ရွယ်သူတွေကို ဂိမ်းကစားချိန် ကန့်သတ်ဖို့အတွက် ၂၀၁၈ ခုနှစ်မှ စတင်ပြီး ကြိုးပမ်းလာခဲ့ပေမယ့် ဂူဂျာရတ် ပြည်နယ်လိုမျိုး ပြင်းပြင်းထန်ထန် အရေးယူတာတော့ မရှိသေးပါဘူး။

Credit  \\  original

Recent Updates

Recent Posts Widget