“လေဖြတ်ခြင်းရဲ့အစ စိုးရိမ်ရတဲ့ ရှေ့ပြေးလက္ခဏာ (၇) မျိုး”
လေဖြတ်တယ်ဆိုတာ လူတိုင်းကြားဖူးနားဝ ရှိနေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ လေဖြတ်တာဟာ အသက်အရွယ်အပိုင်းအခြားမရွေး ဖြစ်နိုင်တဲ့ အရာတစ်ခုပါ။
ခန္ဓာကိုယ်က သွေးတွေကို ဦးနှောက်ဆီကို ရောက်အောင် မပို့နိုင်တဲ့အခါ လေဖြတ်တယ်ဆိုတာကို ခံစားရတာ ဖြစ်ပါတယယ်။ ခုဖော်ပြပေးမှာကတော့ လေဖြတ်ခြင်းရဲ့အစ စိုးရိမ်ရတဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်ပါတယ်။
တကယ်လို့ သင်ဟာ ဒီလက္ခဏာတွေကို ခံစားနေရတယ်ဆိုရင်တော့ အစားအသောက်၊ အသွားအလာ၊ အနေအထိုင် အထူးဂရုစိုက် ဆင်ခြင်ဖို့ လိုပါလိမ့်မယ်။
(၁) ပါးရွဲ့ခြင်း
လေဖြတ်ခြင်းရဲ့ သိသာထင်ရှားတဲ့ လက္ခဏာတစ်ခုကတော့ မျက်နှာပုံသဏ္ဍန် မမှန်ခြင်းပါ။ ပါးတစ်ဖက်ပဲ လျော့တွဲနေတာ၊ စောင်းနေတာမျိုး ဖြစ်နေပြီး ရယ်ပြုံးတဲ့အခါ အခက်အခဲ ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်ထံပြေးဖို့ လိုနေပါပြီ။
(၂) ကိုယ်တစ်ခြမ်းထုံနေခြင်း
သင့်ခန္ဓာကိုယ်တစ်ခြမ်းဟာ ရုတ်တရက် ထုံကျင်နေမယ်၊ အားနည်းနေမယ်၊ အားမရှိသလို ဖြစ်နေမယ် ဒါဟာ လေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ မျက်နှာကစလို့ ခြေလက် နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ မပေါ့ဆ သင့်တော့ပါဘူး။
(၃) စကားမပြောနိုင်ဘူး
သင့်လျှာက ထုံသလိုလို၊ လေးနေသလိုလို ဖြစ်နေပါလိမ့်မယ်။ စကားလုံးတွေ မသဲကွဲတာလည်း ဖြစ်နိုင်သလို စကားလုံးလုံး မပြောတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ဆရာဝန်ဆီ အမြန်သာပြေးလိုက်ပါ။
(၄) လက်မြှောက်ရခက်နေမယ်
သင့်ရဲ့လက်တွေ မြှောက်ရခက်နေမယ်၊ မြှောက်လို့မရ ဖြစ်နေမယ်ဆိုရင်တော့ ဒါဟာ လေဖြတ်ခြင်းရဲ့ လက္ခဏာဖြစ်တာကြောင့် ဆရာဝန်ထံ အမြန်သွားလိုက်ပါ။
(၅) မေ့တတ်ခြင်း
သင်ကြားဖူးနေကျ စကားတွေ၊ အသိတွေရဲ့နာမည်တွေကိုတောင် ရုတ်တရက်မေ့နေတာ၊ အစဖော်မရတာတွေ ဖြစ်နေရင်လည်း ဒါဟာ လေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်ပါတယ်။
(၆) အလွန်အမင်း ခေါင်းကိုက်ခြင်း
ခေါင်းကိုက်တာကတော့ လူတိုင်းမကြာခဏ ကြုံရလေ့ရှိပါတယ်။ ဒါပေမယ့် လေဖြတ်ချင်တဲ့အခါမှာတော့ ဆိုးဆိုးရွားရွားပြင်းပြင်းထန်ထန် ခေါင်းကိုက်နေပါလိမ့်မယ်။ ဒါဆိုရင်တော့ မပေါ့ဆပဲ ဆေးခန်းပြလိုက်တာ အကောင်းဆုံးပါ။
(၇) အမြင်အာရုံ ဝေဝါးခြင်း
အမြင်အာရုံတွေ ရုတ်တရက် ဝေဝါးတယ်၊ ခေါင်းမူးတယ်၊ ခြေလက်တွေ လေးလံပြီး ကျဉ်သလိုဖြစ်နေတယ် ဆိုရင်တော့ ဆရာဝန်အမြန်သွားပြလိုက်ပါ။
credit – shwemom