“အေမရိကန္ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီမွာ ႐ုတ္တရက္ ေရႀကီးမႈမ်ားျဖစ္ေပၚ”
မုိးသည္းထန္စြာ အဆက္မျပတ္ ႐ြာသြန္ခဲ့မႈေၾကာင့္ အေမရိကန္ ဝါ႐ွင္တန္ဒီစီၿမဳိ႕ေတာ္နဲ႕ ဗာဂ်ီးနီးယားျပည္နယ္ေျမာက္ပိုင္းတုိ႕မွာ တနလၤာေန႕ (ဇူလုိင္ ၈ ရက္) က ႐ုတ္တရက္ ေရႀကီးမႈေတြျဖစ္ေပၚကာ ယာဥ္အသြားအလာ အခက္အခဲမ်ား ႀကဳံခဲ့ရပါတယ္။
ဝါ႐ွင္တန္ဒီစီမွာ လမ္းမမ်ား ေရလႊမ္းမုိးသြားခဲ့ၿပီး ျမစ္ေခ်ာင္းသဖြယ္ ျဖစ္သြားခဲ့တယ္လုိ႕ဆုိပါတယ္။ အေမရိကန္ မုိးေလဝသဌာန (National Weather Service) က ႐ုတ္တရက္ ေရႀကီးမႈအႏၱရာယ္ သတိေပးခ်က္ကုိ ဝါ႐ွင္တန္ဒီစီၿမဳိ႕ေတာ္ဧရိယာအတြက္ ယမန္ေန႕ မြန္းလြဲ ၁ နာရီဝန္းက်င္မွာ ျပန္႐ုပ္သိမ္းလုိက္ေၾကာင္း သိရပါတယ္။
မာရီလန္းျပည္နယ္ ေနရာေဒသေတြနဲ႕ ဗာဂ်ီးနီးယားျပည္နယ္ ေျမာက္ပုိင္းတုိ႕မွာ တနလၤာေန႕ မနက္ပုိင္းက မုိးသည္းထန္စြာ အဆက္မျပတ္ ႐ြာသြန္းမႈေတြျဖစ္ခဲ့ပါတယ္။ ဗာဂ်ီးနီးယားျပည္နယ္ အာလန္တန္ၿမဳိ႕႐ွိ Reagan National ေလဆိပ္မွာ ၂ နာရီအတြင္း မုိးေရခ်ိန္ ၃.၄ လက္မအထိ ႐ြာသြန္းခဲ့ပါတယ္။ ထုိ႕အတူ မာရီလန္းျပည္နယ္ ဖရီဒါရစ္ခ္ၿမဳိ႕မွာ မုိးေရခ်ိန္ ၆.၃ လက္မနဲ႕ ဗာဂ်ီးနီးယားျပည္နယ္ အာလင္တန္ၿမဳိ႕မွာ မုိးေရခ်ိန္ ၄.၅ လက္မအထိ မုိးသည္းထန္စြာ႐ြာသြန္းခဲ့ေၾကာင္း သိရပါတယ္။
အာလင္တန္ၿမဳိ႕ရဲ႕ မုိးေရခ်ိန္ဟာ တစ္နာရီအတြင္း ၃.၃ လက္မအထိ ႐ွိခဲ့ေၾကာင္းနဲ႕ ထုိပမာဏဟာ ပုံမွန္အားျဖင့္ တစ္လအတြင္း ႐ြာသြန္းတဲ့မုိးေရခ်ိန္နီးပါး ျဖစ္ခဲ့တယ္လုိ႕ မုိးေလဝသသတင္းဝက္ဘ္ဆုိက္ AccuWeather က ေဖာ္ျပခဲ့ပါတယ္။ ဝါ႐ွင္တန္မွာ ေရႀကီးမႈအတြင္း ေမာ္ေတာ္ယာဥ္ေမာင္းႏွင္သူ တစ္ဒါဇင္ေက်ာ္ဟာ အာရီဇုိနားလမ္းမႀကီးအနီး ကန္နယ္လ္လမ္းတစ္ေလွ်ာက္ ကားေခါင္မုိးေတြေပၚမွာ ေသာင္တင္ခဲ့ၾကပါတယ္။ ဝါ႐ွင္တန္ဒီစီရဲ႕ အျခားေနရာေတြမွာ ေရႀကီးမႈအတြင္း ကားအတြင္း ပိတ္မိခဲ့သူအခ်ဳိ႕ကုိ ကယ္တင္ခဲ့ရေၾကာင္း Washintgon Post သတင္းက ေဖာ္ျပပါတယ္။
ေရႀကီးမႈျဖစ္ၿပီးေနာက္ ေဆး႐ုံပုိ႕ရသူနဲ႕ ထိခိုက္ဒဏ္ရာရသူ မ႐ွိခဲ့ဘူးလုိ႕ ဝါ႐ွင္တန္ဒီစီ မီးသတ္ဌာနမွ ေျပာခြင့္ရပုဂၢဳိလ္က ေျပာပါတယ္။ ရာသီဥတုဆုိး႐ြားမႈေၾကာင့္ Amtrak ရထားလုိင္းရဲ႕ ဝါ႐ွင္တန္ေတာင္ပုိင္း ရထားခရီးစဥ္ေတြကုိ မနက္ ၁၀ နာရီေက်ာ္မွာ ရပ္ဆုိင္းခဲ့တယ္လုိ႕ဆုိပါတယ္။ Amtrak ရထားခရီးစဥ္ေတြကုိ မနက္ ၁၁ နာရီ ၄၀ မိနစ္မွာ ျပန္လည္ေျပးဆြဲခဲ့ေၾကာင္း သိရပါတယ္။
မာရီလန္းျပည္နယ္မွာလည္း တနလၤာေန႕ အေစာပုိင္းက ေရႀကီးမႈေၾကာင့္ ဖုန္းေခၚဆုိ အကူအညီေတာင္းမႈ ၃၀ ေက်ာ္႐ွိခဲ့ေၾကာင္းနဲ႕ ကယ္ဆယ္မႈ ၈ ႀကိမ္ လုပ္ေဆာင္ခဲ့ရၿပီး ထိခိုက္ဒဏ္ရာရသူ မ႐ွိခဲ့ေၾကာင္း မီးသတ္ဌာနက တာဝန္႐ွိသူေတြက ေျပာပါတယ္။ မုိးသည္းထန္ၿပီး ရာသီဥတုဆုိး႐ြားမႈေၾကာင့္ လူဦးေရ ၈,၀၀၀ ခန္႕ တနလၤာေန႕ ေန႕လယ္ပုိင္းအထိ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈ ႀကဳံခဲ့ရေၾကာင္း Washington Post က ေဖာ္ျပပါတယ္။
Credit: Duwun
Unicode Version
မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်ခဲ့မှုကြောင့် အမေရိကန် ဝါရှင်တန်ဒီစီမြို့တော်နဲ့ ဗာဂျီးနီးယားပြည်နယ်မြောက်ပိုင်းတို့မှာ တနင်္လာနေ့ (ဇူလိုင် ၈ ရက်) က ရုတ်တရက် ရေကြီးမှုတွေဖြစ်ပေါ်ကာ ယာဉ်အသွားအလာ အခက်အခဲများ ကြုံခဲ့ရပါတယ်။
ဝါရှင်တန်ဒီစီမှာ လမ်းမများ ရေလွှမ်းမိုးသွားခဲ့ပြီး မြစ်ချောင်းသဖွယ် ဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန် မိုးလေဝသဌာန (National Weather Service) က ရုတ်တရက် ရေကြီးမှုအန္တရာယ် သတိပေးချက်ကို ဝါရှင်တန်ဒီစီမြို့တော်ဧရိယာအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ပြန်ရုပ်သိမ်းလိုက်ကြောင်း သိရပါတယ်။
မာရီလန်းပြည်နယ် နေရာဒေသတွေနဲ့ ဗာဂျီးနီးယားပြည်နယ် မြောက်ပိုင်းတို့မှာ တနင်္လာနေ့ မနက်ပိုင်းက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုတွေဖြစ်ခဲ့ပါတယ်။ ဗာဂျီးနီးယားပြည်နယ် အာလန်တန်မြို့ရှိ Reagan National လေဆိပ်မှာ ၂ နာရီအတွင်း မိုးရေချိန် ၃.၄ လက်မအထိ ရွာသွန်းခဲ့ပါတယ်။ ထို့အတူ မာရီလန်းပြည်နယ် ဖရီဒါရစ်ခ်မြို့မှာ မိုးရေချိန် ၆.၃ လက်မနဲ့ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့မှာ မိုးရေချိန် ၄.၅ လက်မအထိ မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း သိရပါတယ်။
အာလင်တန်မြို့ရဲ့ မိုးရေချိန်ဟာ တစ်နာရီအတွင်း ၃.၃ လက်မအထိ ရှိခဲ့ကြောင်းနဲ့ ထိုပမာဏဟာ ပုံမှန်အားဖြင့် တစ်လအတွင်း ရွာသွန်းတဲ့မိုးရေချိန်နီးပါး ဖြစ်ခဲ့တယ်လို့ မိုးလေဝသသတင်းဝက်ဘ်ဆိုက် AccuWeather က ဖော်ပြခဲ့ပါတယ်။ ဝါရှင်တန်မှာ ရေကြီးမှုအတွင်း မော်တော်ယာဉ်မောင်းနှင်သူ တစ်ဒါဇင်ကျော်ဟာ အာရီဇိုနားလမ်းမကြီးအနီး ကန်နယ်လ်လမ်းတစ်လျှောက် ကားခေါင်မိုးတွေပေါ်မှာ သောင်တင်ခဲ့ကြပါတယ်။ ဝါရှင်တန်ဒီစီရဲ့ အခြားနေရာတွေမှာ ရေကြီးမှုအတွင်း ကားအတွင်း ပိတ်မိခဲ့သူအချို့ကို ကယ်တင်ခဲ့ရကြောင်း Washintgon Post သတင်းက ဖော်ပြပါတယ်။
ရေကြီးမှုဖြစ်ပြီးနောက် ဆေးရုံပို့ရသူနဲ့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ဝါရှင်တန်ဒီစီ မီးသတ်ဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ရာသီဥတုဆိုးရွားမှုကြောင့် Amtrak ရထားလိုင်းရဲ့ ဝါရှင်တန်တောင်ပိုင်း ရထားခရီးစဉ်တွေကို မနက် ၁၀ နာရီကျော်မှာ ရပ်ဆိုင်းခဲ့တယ်လို့ဆိုပါတယ်။ Amtrak ရထားခရီးစဉ်တွေကို မနက် ၁၁ နာရီ ၄၀ မိနစ်မှာ ပြန်လည်ပြေးဆွဲခဲ့ကြောင်း သိရပါတယ်။
မာရီလန်းပြည်နယ်မှာလည်း တနင်္လာနေ့ အစောပိုင်းက ရေကြီးမှုကြောင့် ဖုန်းခေါ်ဆို အကူအညီတောင်းမှု ၃၀ ကျော်ရှိခဲ့ကြောင်းနဲ့ ကယ်ဆယ်မှု ၈ ကြိမ် လုပ်ဆောင်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း မီးသတ်ဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။ မိုးသည်းထန်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် လူဦးရေ ၈,၀၀၀ ခန့် တနင်္လာနေ့ နေ့လယ်ပိုင်းအထိ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရကြောင်း Washington Post က ဖော်ပြပါတယ်။
Credit: Duwun





